Thailand

ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံ၏ ပီလောပီနံတင်ပို့မှု ၁၆.၄ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

ယခုနှစ် ပထမ ၃ လပတ်အတွင်း ပီလောပီနံပြား ထွက်ရှိမှု ကျဆင်းခဲ့သဖြင့် ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန် တင်ပို့နိုင်မှုသည် ၁၆.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဘတ် ၃၃.၂ ဘီလီယံရှိခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn ၏ ပြောကြားချက်အရ သိရှိရပါသည်။

ပီလောပီနံ native starch ပို့ကုန်တန်ဖိုးသည် ဘတ် ၁၈.၁ ဘီလီယံ ရှိခဲ့ပြီး modified starch သည် ဘတ် ၈.၅၈ ဘီလီယံ ရှိခဲ့ကြောင်း၊ အခြားသော ပီလောပီနံ ထုတ်ကုန်များဖြစ်သည့် ပီလောပီနံ ပြား ဘတ် ၅.၉၃ ဘီလီယံ၊ ပီလောပီနံအလုံး ဘတ် ၇၆.၃ ဘီလီယံနှင့် အခြားသော ထုတ်ကုန်များ ဘတ် ၄၆၆ သန်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်း ပီလောပီနံတင်ပို့သူဖြစ်ပြီး ဈေးကွက်ဝေစု တွင်  ထိုင်းနိုင်ငံက ၁၈.၇ ရာခိုင်နှုန်း၊  ဗီယက်နမ်က ၁၀.၂ ရာခိုင်နှုန်း၊ လာအိုက ၉.၃၇ ရာခိုင်နှုန်း၊ အမေရိကန်က ၅.၂၈ ရာခိုင်နှုန်းနှင့် တရုတ်က ၄.၁ ရာခိုင်နှုန်း အသီးသီးဖြစ်ပါကြောင်း၊  တရုတ်နိုင်ငံ သည် ထိုင်းနိုင်ငံ၏ ပီလောပီနံပို့ကုန်များအတွက် ထိပ်တန်းပို့ကုန်ဈေးကွက်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး အင်ဒိုနီးရှား၊ ဂျပန်၊ ထိုင်ဝမ်နှင့် မလေးရှားတို့သည် အခြားသော ပို့ကုန်ဈေးကွက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စိုက်ပျိုးဧရိယာ ၁ ရိုင်လျှင် ၃,၀၉၆ ကီလိုဂရမ်ထွက်ရှိပြီး ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊  ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန် ၂၆.၉ သန်းထွက်ရှိရန် လျာထားပြီး ပီလောပီနံပိုးမွှားတစ်မျိုးနှင့် မိုးခေါင်မှုကြောင့် ထွက်ရှိမှုသည် ၁၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ပီလောပီနံအမှုန့်ကို အစား အစာ၊ စာရွက်၊ အဖျော်ယမကာ၊ ချည်ထည်နှင့် အီသနော ပြုလုပ်ရာတွင် အသုံးပြုပါကြောင်း၊ ၎င်းသည် ဂလူတန်ကင်းလွတ်ခြင်း၊ ကယ်လိုရီနည်းပါးခြင်းနှင့် သကြားကင်းလွတ်ခြင်းတို့ကြောင့် ကျန်းမာရေး လိုက်စားသည့် စားသုံးသူများအတွက် သုံးစွဲရန် သင့်လျော်ပြီး အစားအစာနယ်ပယ်တွင် ဈေးကွက် တန်ဖိုး မြင့်မားပါကြောင်း Mr. Poonpong က ဖြည့်စွက်ပြောကြားခဲ့သည်။

ပီလောပီနံသည် စိုက်ပျိုးမှုအခြေအနေများနှင့် မိုးခေါင်မှုကို ကြံ့ကြံ့ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်သဖြင့် အရေးပါသောစိုက်ပျိုးရေးထုတ်ကုန်အဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါကြောင်း၊ အစိုးရအနေဖြင့် ပိုးမွှားခံနိုင်ရည်ရှိမှုအတွက် သုတေသနကဏ္ဍတွင် ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးဧရိယာ တိုးချဲ့ပေး ခြင်းနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများကို ပီလောပီနံထုတ်ကုန်များတွင် ထပ်မံပေါင်းစပ်ပေး မည်ဆိုပါက အိမ်ထောင်စု ၇၀၀,၀၀၀ ကျော်အတွက် ဝင်ငွေတိုးတက်လာနိုင်ကြောင်း Mr. Poonpong က သုံးသပ်အကြံပြုထားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand