Thailand

ထိုင်းနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ ထိုင်းနိုင်ငံ၏ Foreign Business Act (FBA) 1999 အောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဥပဒေအား နားလည်စေရန်နှင့် ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ နေစဉ် ဥပဒေများ မချိုးဖောက်စေရန်ရည်ရွယ်၍ အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ သားများ၏ အမည်များကို အသုံးပြု၍ လုပ်ငန်းလည်ပတ်နေသည့်အကြောင်းကို အဓိကထား၍ ဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် Ms. Auramon Supthaweethum က ပြောကြားခဲ့သည်။

ပါဝင်တက်ရောက်သူများတွင် ထိုင်းနိုင်ငံရှိ နိုင်ငံခြား ကုန်သည်ကြီးများအသင်း၊ ဂျပန်ပြည်ပ ကုန်သွယ်ရေးအသင်း၊ ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီနှင့် ဥရောပ စီးပွားရေးအသင်းတို့ ပါဝင်ပါကြောင်း၊ FBA သည် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရာ၌ နိုင်ငံခြား သားပါဝင်မှု၊ စီးပွားရေးလုပ်ငန်းတည်ထောင်ရန်လုပ်ငန်းစဉ်များ၊ ခွင့်ပြုသည့် လုပ်ငန်းများ၊ နိုင်ငံခြား လုပ်ငန်းများအတွက် လိုင်စင်နှင့် လက်မှတ်များ ရရှိနိုင်ရေး လျှောက်ထားမှုလုပ်ငန်းစဉ်များကို ပြဌာန်း ထားခြင်းဖြစ်ကြောင်း၊ အချို့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ကာ ကွယ်၍ စီးပွားရေး ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံသား အမည်များကို အသုံးပြုခြင်းဖြင့် ဥပဒေကို မလိုက်နာကြပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ထောက်ပြ ဆွေးနွေးပါသည်။

ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ အိမ်ခြံမြေရောင်းဝယ်ရေး လုပ် ငန်းများ၊ ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများရှိ အမည် ၂၆,၀၁၉ ကို စစ်ဆေးသွားရန် စီစဉ်ထားပါကြောင်း၊ စုံစမ်း စစ်ဆေးမှုကို ချင်းမိုင်၊ ချွန်ပူရီ၊ စူရတ်ဌာနီ၊ ဖူးခက်၊ ဗန်ကောက်နှင့် ပရာချွန်ခီရီခန်ရှိ ပြည်နယ်များတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပဏာမစစ်ဆေးထားချက်အရ ကိစ္စရပ် ၄၆၀ ခုအတွက် စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက်ထပ်မံလို အပ်မည် ဖြစ်ကြောင်း၊ ပြည်နယ် ၄ ခုကို စစ်ဆေးထားချက်အရ လုပ်ငန်း ၉၁ ခု၏ ရှယ်ယာပိုင်ဆိုင်မှုတွင် ဥပဒေနှင့် သွေဖီနေပါကြောင်း၊ စစ်ဆေးမှုသည် လုပ်ငန်းတည်နေရာ၊ ငွေစာရင်းရှင်းတမ်း၊ ရှယ်ယာ ပိုင်ဆိုင်မှု စသည့် အချက်များပေါ်တွင် ဆောင်ရွက်ပါကြောင်း Ms. Auramon က ဆက်လက် ပြော ကြားခဲ့သည်။

FBA အောက်မှ လုပ်ငန်းဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်ရရှိနိုင်ရေး လျှောက်ထားရာတွင် အထောက်အကူပြုမည့် e-Foreign Business အွန်လိုင်းဝန်ဆောင်မှုစနစ်တစ်ခုကို ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင်တွင် ထုတ်ပြန် ကြေညာရန်ခန့်မှန်းထားပါကြောင်း၊ နိုင်ငံခြား သားများအတွက် ကန့်သတ်လုပ်ငန်းစာရင်းကိုလည်း နှစ်အလိုက် ပြင်ဆင်လျက်ရှိပါကြောင်း၊ FBA အောက်မှ ဝန်ဆောင်မှုလုပ်ငန်း ၁၀ ခုသည်  လိုင်စင်လျှောက်ထားရန် မလိုအပ်တော့ပါကြောင်း၊ စာရင်း အမှတ် ၃ ရှိ ဝန်ဆောင်မှုလုပ်ငန်း ၁၀ ခုမှလွဲ၍ ကျန်လုပ်ငန်းများသည် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ထိုင်းနိုင်ငံသား၏ ပိုင်ဆိုင်မှုပါဝင်ရန် လိုအပ်သောကြောင့် နိုင်ငံခြားသားများက ထိုင်းနိုင်ငံသား၏ အမည်အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်းအတွက် တာဝန်ရှိဦးစီး ဌာနက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။ 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand