Thailand

အာရှထိပ်တန်း အစားအစာနှင့် အဖျော်ယမကာ ကုန်စည်ပြပွဲ (ThaiFex Anuga Asia 2024) ကို ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိ

Last Updated:

အာရှထိပ်တန်း အစားအစာနှင့် အဖျော်ယမကာ ကုန်စည်ပြပွဲ (ThaiFex Anuga Asia 2024) ကို ထိုင်းနိုင်ငံ၊ Impact Muang Thong Thani တွင် ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့မှစ၍ ဇွန်လ ၁ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့တွင် ကုန်သည်ဧည့်သည်တော် များကို လာရောက်ခွင့်ပြုထားပြီး ဇွန်လ ၁ ရက်နေ့မှသာ အများပြည်သူကို လာရောက်ခွင့်ပြုမည် ဖြစ်ကြောင်း၊  ပြပွဲတွင် ကော်ဖီနှင့်လက်ဖက်ရည်၊ အချိုရည်၊ အဖျော်ယမကာ၊ အသီးနှင့် ဟင်းသီးဟင်း ရွက်များ၊ အသားများ၊ ဆန်၊ ပင်လယ်စာ၊ အချိုပွဲများနှင့် အစားအသောက်နည်းပညာများကို နိုင်ငံ ၅၀ ကျော်မှ ပြခန်း ၃,၀၀၀ ကျော် ပါဝင်ပြသလျက်ရှိကြောင်း စီးပွားရေးသံမှူး သွား‌ရောက်လေ့လာခဲ့မှုအရ သိရှိရပါသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ကော်ဖီ၊ ဆန်၊ ပြောင်း၊ ငရုတ်သီး၊ ကြက်သွန်၊ ဘီစကစ်၊ ပျားရည်နှင့် ဟင်းသီးဟင်းရွက်အမှုန့် ထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခုမှ ပါဝင်ပြသလျက်ရှိပါသည်။

ယခုကဲ့သို့ အာရှထိပ်တန်း အစားအစာနှင့် အဖျော်ယမကာပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မြန်မာ ကုမ္ပဏီများအတွက် business matching ဆောင်ရွက်နိုင်ခြင်း၊ networking ရရှိနိုင်ခြင်း တို့အပြင် နိုင်ငံတကာမှ အစားအစာများ၏ ထုပ်ပိုးမှုပုံစံ၊ ခင်းကျင်းပြသမှုပုံစံနှင့် အစားအစာထုတ်လုပ်သည့် နည်း ပညာများကိုပါ လေ့လာနိုင်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။  

 

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand