Germany

Reutlingen IHK နှင့် MRCCI အကြား ပူးပေါင်းဆောင်ရွက်မှု

Last Updated:

ဂျာမနီနိုင်ငံတောင်ပိုင်း Baden-Württemberg ပြည်နယ်အတွင်းရှိ Reutlingen Chamber of Industry and Commerce (IHK) သည် ဒေသ၏စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများအတွက် မူဝါဒပိုင်း၊ဥပဒေရေးရာပိုင်း ပံ့ပိုးမှုများ၊ သင်တန်းအစီအစဉ်များ၊ ဈေးကွက်နှင့်စီးပွားရေး သတင်းအချက်အလက်များနှင့် တီထွင်ဆန်းသစ်မှုပိုင်း ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပညာသင်ကြားရေးနှင့် လုပ်ငန်းခွင်အလုပ်သင်အစီအစဉ်များ၊ အခြားလိုအပ်သည့် ဝန်ဆောင်မှုများအတွက် ပံ့ပိုးဆောင်ရွက်ပေးလျှက်ရှိပါသည်။ Reutlingen IHK အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကိုလည်း ပြည်နယ် စီးပွားရေးဝန်ကြီးဌာနနှင့် ဂျာမန်ဖက်ဒရယ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးသံမှူးအနေဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း German Asia-Pacific Business Association (OAV) ၏ အစီအစဉ်ဖြင့် Baden-Württemberg ပြည်နယ်သို့ သွားရောက်ခဲ့စဉ် Stuttgart IHK မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းရှိခဲ့ပြီး ခရီးစဉ်ပြီးနောက် ဆက်လက်ဆက်သွယ် ဆောင်ရွက်မှုများအရ ပြည်နယ်၏ Reutlingen ဒေသရှိ  Reutlingen IHK နှင့် မြန်မာနိုင်ငံ မန္တလေးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)တို့အကြား Chamber and Association Partnership Program အစီအစဉ်အရ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဒေသ စီးပွားရေးလုပ်ငန်းများတိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို သိရှိရပါသည်။ စီမံကိန်းကို ပထမအဆင့်(၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ) နှင့် ဒုတိယအဆင့် (၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ)  ဆောင်ရွက်ထားရှိကြောင်း လေ့လာသိရှိရပါသည်။

အဆိုပါစီမံကိန်းအစီအစဉ်အရ အသင်းအဖွဲ့နှစ်ခုအကြား ပူးပေါင်းဆက်သွယ်မှုများ၊ အသိပညာ ဗဟုသုတဖလှယ်ခြင်းနှင့် သင်တန်းအစီအစဉ်များ၊ နိုင်ငံတစ်ကာဆက်ဆံ ပူးပေါင်းမှုများ၊ ဒေသတွင်းစားသောက်ကုန်လုပ်ငန်းများရှိ ရေဆိုးစွန့်ပစ်မှုပိုင်းနှင့် သန့်ရှင်း လုံခြုံစိတ်ချရမှုပိုင်းများကို ဂျာမန်ကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။ ဆက်လက်၍ စီမံကိန်းအတွက် အဓိကဆက်သွယ်ပံ့ပိုး ဆောင်ရွက်သူဖြစ်သည့် Reutlingen IHK မှ Mr.Martin Fahling ၊ Managing Director International Trade နှင့် ချိတ်ဆက် ဆောင်ရွက်မှုအရ ဒုတိယအဆင့်ကို မူလ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်ရန် လျာထားမှုအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ မြန်မာနိုင်ငံဘက်နှင့် ဆက်လက်ဆက်သွယ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေးသံမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံတိုးတက်မှု စီမံကိန်းလုပ်ငန်းများအတွက်လည်း ဆက်လက်၍ ပံ့ပိုးပူးပေါင်း ဆက်သွယ်ဆောင်ရွက်သွားလိုကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.reutlingen.ihk.de

Category: Germany