Thailand

SMEs များ၏ ၄၀ ရာခိုင်နှုန်းမှာ ပိတ်သိမ်းနိုင်ခြေမြင့်မားလျှက်ရှိခြင်း

Last Updated:

ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် University of Thai Chamber of Commerce (UTCC) ၏ လေ့လာချက်အရ SMEs များ၏ (၄၀%) သည် ငွေဖြစ်လွယ်ခြင်းခက်ခဲမှုနှင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ  မြင့်မားခြင်းတို့ကြောင့် ပိတ်သိမ်းရန်အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း SMEs များ၏ အခြေအနေအဆင့်အတန်းကို စစ်တမ်းကောက်ယူခဲ့မှုအပေါ် အခြေခံ၍ UTCC ကောင်စီ ၏ အကြံပေးဖြစ်သူ Sauwanee Thairungroj က SMEs အများစုအနေဖြင့် Covid-1 အကျပ်အတည်းကြောင့် လုပ်ငန်းများပိတ်သိမ်းရန် အခြေအနေ မြင့်မားနေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ SMEs များအနေဖြင့် ငွေဖြစ်လွယ်မှု (Liquitidy) အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ရန်ပုံငွေများ လည်း မရရှိကြောင်း သူမကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ငွေဖြစ်လွယ်မှုနည်းပါးခြင်းသည် လက်ရှိ SMEs များအတွက် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပြီး စီးပွားရေးအခြေအနေမှာ လွန်စွာထိခိုက်လွယ်သော အခြေအနေဖြစ်ကြောင်း၊ SMEs များစွာတို့အနေဖြင့် အကယ်၍ ကိုဗစ်-၁၉ လှိုင်းအသစ်ဆက်လက်ဖြစ်ပွားပြီး lockdown အစီအမံများ ဆက်လက်ထား ရှိမည်ဆိုပါက လုပ်ငန်းများ ပိတ်သိမ်းနိုင်ခြေ ပိုတိုးလာမည်ဟု သူမကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လေ့လာဆန်းစစ်မှုအရ SMEs များ၏ အရောင်းပမာဏမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက် (၁၈.၆%) ကျဆင်းသွားပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်စရိတ် များ မြင့်တက်လာကာ အမြတ်ငွေများစွာကျဆင်းခဲ့ကြောင်း တွေ့ရှိခဲ့ပါသည်။

SMEs များအနေဖြင့် အပေါင်ပစ္စည်းမလိုအပ်ဘဲ အထူးချေးငွေအစီအစဉ်ကို အရှိန်မြင့်တင် ထောက်ပံ့ဆောင်ရွက်ပေးရန်၊ ကုန်ကြမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းခြင်းအတွက် အခွန်လျှော့ချပေးရန်၊ ခရီးသွားလုပ်ငန်းလှုံ့ဆော်မှုအစီအမံများ ဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်မှုအပေါ် ထိရောက်စွာ ထိန်းချုပ်ခြင်းများ ဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

UTCC ဉက္ကဌ Thanavath Phonvichai က အစိုးရအနေဖြင့် SMEs များ၏ ငွေဖြစ်လွယ်မှုအခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ဘတ်ငွေ (၂၀၀-၃၀၀) ဘီလီယံတန်ဖိုးရှိ ချေးငွေအစီအမံကို ဉီးစားပေးလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ SMEs အများစုအနေဖြင့် ချေးငွေအတွက် အပေါင်ပစ္စည်းထားရန်မရှိသောကြောင့် ငွေကြေးလည်ပတ်မှုအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ ပို၍အရေးကြီးသည်မှာ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအား (Purchasing power) မှာ ပြန်လည်နာလန်မထူနိုင်သေးကြောင်းနှင့် အိမ်ထောင်စုများ၏ ကြွေးမြီမှာ မြင့်မားနေခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။           

လက်ရှိတွင် နိုင်ငံအတွက် ဘတ်ငွေ (၆) ထရီလီယံ (သို့မဟုတ်) GDP ၏ (၄၀%) ကိုထည့်ဝင်ပေးနေသော SMEs လုပ်ငန်းပေါင်း (၃) သန်းခန့်ရှိ နေကြောင်း သိရှိရပါသည်။ SMEs များ၏ (၅%) အနေဖြင့် လုပ်ငန်းရပ်ဆိုင်သွားမည်ဆိုပါက စီးပွားရေးအပေါ် ထိခိုက်နိုင်မှုမှာ ဘတ်ငွေ (၃၀၀) ဘီလီယံ ခန့် ရှိနိုင်မည်ဖြစ်ပြီး အလုပ်သမား (၂) သန်းအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

             

Source: Bangkok Post

Category: Thailand