Singapore

SMEs လုပ်ငန်းများအား အတိုးနှုန်းသက်သာသောချေးငွေများ တစ်ဆင့်ထုတ်ချေးပေးနိုင်ရန်အတွက် စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်စီစဉ်

Last Updated:

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင် (ဗဟိုဘဏ်) သည် စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ Enterprise Singapore (ESG) နှင့် ပူးပေါင်း လျက် “MAS SGD Facility for ESG Loans” အစီအစဉ်ကို ၂၀−၄−၂၀၂၀ ရက်နေ့တွင် စတင်ခဲ့ပြီး ဤအစီအစဉ်ဖြင့် စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်သည် စင်ကာပူရှိ သတ်မှတ်ချက်နှင့်ကိုက်ညီသော ဘဏ်များနှင့် ငွေရေးကြေးရေးလုပ်ငန်းများသို့ စင်ကာပူဒေါ်လာငွေကို တစ်နှစ်လျှင် အတိုးနှုန်း ၀.၁ ရာခိုင်နှုန်းဖြင့် ငွေထုတ်ချေး ပေးသွားမည်ဖြစ်ပါသည်။

အခြေခံအားဖြင့် ဘဏ်များနှင့် ငွေရေးကြေးရေးလုပ်ငန်းများသည် ၎င်းတို့ထုတ်ချေးမည့် ချေးငွေနှင့်ပတ်သက်၍ နှုန်းထားသတ်မှတ်ရာတွင် ၎င်းတို့ကပေးချေရမည့် အတိုးနှုန်း၊ ငွေချေးသူများ၏ ချေးငွေပြန်ဆပ်နိုင်မှုအခြေအနေအား စိစစ်ရသောစရိတ်များ၊ credit spread စသည့် အခြေအနေတို့ကို ထည့်သွင်းစဉ်းစားတွက်ချက်၍ ငွေထုတ်ချေးကြရကြောင်း၊ ယခုအစီအစဉ်အရ ဘဏ်များနှင့် ငွေရေးကြေးရေးလုပ်ငန်းများသည် (၂) နှစ်တာကာလအထိ တစ်နှစ်လျှင် အတိုးနှုန်း ၀.၁ ရာခိုင်နှုန်းဖြင့်သာ စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်မှ စင်ကာပူဒေါ်လာငွေကို ရယူနိုင်မည်ဖြစ်သည့်အတွက် ထိုငွေများကို တစ်ဆင့်ထုတ်ချေးရာတွင် ၎င်းတို့၏ကုန်ကျစရိတ် များ သက်သာမည်ဖြစ်သောကြောင့် အတိုးနှုန်းသက်သာသောချေးငွေများကို SMEs များသို့ တစ်ဆင့်ပြန်လည်ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ COVID – 19 ကြောင့် ထိခိုက်မှုရှိသော ပြည်တွင်း စီးပွားရေးလုပ်ငန်းများက လတ်တလောငွေသားလိုအပ်ချက်အတွက် ယာယီချေးငွေရယူဆောင် ရွက်ရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေအပေါ် အစိုးရကလည်း ၉၀ ရာခိုင်နှုန်းအထိ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Press Release, Monetary Authority of Singapore

Category: Singapore