Russia

ရုရှားစီးပွားရေးလုပ်ငန်းရှင်များက BRICS အဖွဲ့သို့ အယ်လ်ဂျီးရီးယားနိုင်ငံဝင်ရောက်ခြင်းကို ထောက်ခံ

Last Updated:

ရုရှားစီးပွားရေးလုပ်ငန်းရှင်များက အယ်လ်ဂျီးရီးယားနိုင်ငံ၏ BRICS အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဆုံးဖြတ်ချက်ကို ထောက်ခံကြကြောင်း၊ ရုရှားစီးပွားရေးလုပ်ငန်းသည် BRICS အဖွဲ့သို့ ဝင်ရောက်ရန် အယ်လ်ဂျီးရီးယားနိုင်ငံ၏လျှောက်ထားမှုကို ကြိုဆိုကြောင်း ရုရှား-အယ်လ်ဂျီးရီးယားစီးပွားရေးဖိုရမ်တွင် Delovaya Rossiya(Business Russia) အဖွဲ့အစည်း၏ဥက္ကဋ္ဌ Mr. Alexey Repik က ပြောကြားသည်။

နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ပြီး အထူးသဖြင့် စီးပွားရေးကိုယ်စားလှယ်များအတွက် ဗီဇာကင်းလွတ်ခွင့်စနစ်ကို တိုးချဲ့ရန်နှင့် ခရီးသွားလာခွင့် အခွင့်အလမ်းများကို တိုးချဲ့ရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အထူးသဖြင့် ရုရှားအစေ့အဆံများ၊ အယ်လ်ဂျီးရီးယားသံလွင်သီးများနှင့် စွန်ပလွံသီးများ စသည့်စိုက်ပျိုးရေးပို့ကုန်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးကြောင်း၊ ဆန်းသစ်တီထွင်မှုနှင့်ပတ်သက်သော စီမံကိန်းများတွင်လည်း ပိုမိုအာရုံစိုက်သင့်ကြောင်း၊ ရုရှားနည်းပညာများကြောင့် ကမ္ဘာ့ဈေးကွက်တွင် အယ်လ်ဂျီးရီးယားထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေနိုင်ကြောင်း အဖွဲ့အစည်း၏ဥက္ကဋ္ဌက ပြောကြားသည်။

Delovaya Rossiya အဖွဲ့အစည်းဥက္ကဋ္ဌ၏အဆိုအရ ပူးတွဲကုန်သွယ်ရေးသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံသူများအား ပို၍လုံခြုံမှုကို ခံစားရစေနိုင်သည်ဟုဆိုသည်။

ရုရှား-အယ်လ်ဂျီးရီးယားစီးပွားရေးဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် Delovaya Rossiya အဖွဲ့အစည်း၏ရုံး၌ ကျင်းပခဲ့သည်။ လက်ရှိတွင် BRICS အဖွဲ့ဝင်နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ဖြစ်သည်။

Source :   https://tass.com/economy/1631969

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia