Russia

ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနိုင်ငံသို့ ဒေါ်လာငွေပေးချေမှုကို စွန့်လွှတ်ရန် အာရှနိုင်ငံများမှ တွန်းအားပေးခဲ့

Last Updated:

ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မှုအတွက် ချေးငွေကို တရုတ်ယွမ်ဖြင့် ပြန်ဆပ်မည်ဖြစ်ကြောင်း သိရသည်။

          အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန်အတွက် ရုရှားက တည်ဆောက်နေသော နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် တရုတ်ယွမ်ငွေဖြင့် ချေးငွေပြန်ဆပ်ရန် ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

          ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပခဲ့သော နှစ်နိုင်ငံအဆင့်မြင့်ဆွေးနွေးပွဲများအပြီးတွင် ငွေပေးချေမှုများအား တရုတ်ယွမ်ဖြင့် ပေးချေရန် သဘောတူညီခဲ့ကြောင်း၊ ရုရှားဘဏ်များအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် အမေရိကန်ဒေါ်လာဖြင့်ငွေပေးချေမှု မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံဘက်မှ ငွေပေးချေမှုများကို ၎င်းတို့၏ငွေကြေး ရူဘယ်ဖြင့် ပေးချေရန်တောင်းဆိုခဲ့သော်လည်း နှစ်ဘက်စလုံးမှ တရုတ်ယွမ်ငွေကို ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

          Rooppur Nuclear Power Plant (RNPP) သည် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးအခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်ပြီး ကျောက်မီးသွေးနှင့် အခြားရုပ်ကြွင်းလောင်စာများကို အသုံးပြုခြင်းမှ ဝေးကွာသွားစေမည့် နိုင်ငံ၏အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ၎င်းစက်ရုံသည် မြို့တော်ဒါကာ၏အနောက်ဘက် ကီလိုမီတာ ၁၄၀ အကွာတွင် တည်ရှိပြီး လည်ပတ်ပြီးပါက ဓာတ်အား ၂၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊  RNPP သည် ၂၀၂၄ ခုနှစ် နှစ်လယ်တွင် လျှပ်စစ်ဓာတ်အား စတင်ပေးဝေမည်ဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်း ၆၀  လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ၎င်းစက်ရုံအတွက် ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီသည် ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလီယံစီမံကိန်းကို တည်ဆောက်နေပြီး မော်စကိုက ဆောက်လုပ်ရေးအတွက် ရန်ပုံငွေ ၉၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေကြောင်း သိရှိရသည်။

          သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်သည် တရုတ်ဘဏ်မှတစ်ဆင့် ရုရှားထံသို့ ငွေပေးချေမှုများ  ပြုလုပ်မည်ဖြစ်ကြောင်း၊ ရုရှားဘဏ်များသည် SWIFT စနစ်မှ ဖြတ်တောက်ခံထားရသောကြောင့် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်(CIPS) မှတစ်ဆင့် ငွေပေးချေမှုများကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Source: https://www.rt.com/business/574868-sanctions-bangladesh-yuan-russia/

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia