Japan

၂၀၂၂ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေမှာ ယန်း ၂၁.၇၃ ထရီလီယံအထိ ဖြစ်ပေါ်ကာ စံချိန်တင်မြင့်တက်ခဲ့

Last Updated:

လောင်စာဆီဈေးနှုန်းများမြင့်တက်ခဲ့ခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခဲ့ခြင်းကြောင့် သွင်းကုန်တင်သွင်းရာတွင် ကုန်ကျစရိတ်ပိုမိုမြင့်တက်ကာ ဂျပန်နိုင်ငံ၏ကုန်သွယ်ရေးလိုငွေမှာ မတ်လတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် လေးဆခန့် မြင့်တက်ခဲ့ပြီး ယန်း ၂၁.၇၃ ထရီလီယံအထိ စံချိန်တင်များပြားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

           အဆိုပါသတင်းတွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ၃၂.၂  ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၁၂၀.၉၅ ထရီလီယံနှင့် ပို့ကုန်မှာ ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၉၉.၂၃ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။  ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေပြမှုမှာ ယန်း ၁၃.၇၆ ထရီလီယံဖြစ်ပေါ်ကာ စံချိန်တင်မြင့်တက်ခဲ့ဖူးသော်လည်း  ၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၂ ဘဏ္ဍာနှစ်တို့တွင် ၂ နှစ်ဆက်တိုက် ကုန်သွယ်ရေးလိုငွေပြမှုမှာ ၁၉၇၉ ဘဏ္ဍာနှစ်နှင့်နှိုင်းယဉ်ပါက အမြင့်ဆုံးနှုန်းထားများဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံ၏ သွင်းကုန်တင်သွင်းမှုမြင့်တက်ခဲ့ခြင်းမှာ ရေနံစိမ်း၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ရည်(LNG)တို့ တင်သွင်းမှုများပြားခဲ့ခြင်းကြောင့် ဖြစ်ကာ၊ ပို့ကုန်တန်ဖိုးမြင့်တက်ခဲ့ရခြင်းမှာ မော်တော်ယာဉ်၊ သံ၊ စတီးနှင့် အခြားကုန်စည်များ၏ ဝယ်လိုအားမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ပြန်လည်၍မြင့်တက်လာခဲ့သည့်အတွက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်းနှင့်ဒေါ်လာငွေလဲလှယ်နှုန်းမှာ ပျမ်းမျှအားဖြင့် ၁ ဒေါ်လာလျှင် ၁၁၁.၉၁ ယန်းရှိခဲ့ပြီး ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁ ဒေါ်လာလျှင် ၁၃၅.၀၅ ယန်းသို့ တဟုန်ထိုးမြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်တွင် ယန်းငွေတန်ဖိုးကျဆင်းခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာ တင်သွင်းရသည့်ကုန်စည်များ၏ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ကုန်စည်ရှားပါးမှုဖြစ်ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

       ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် ကုန်သွယ်မှုပိုငွေအဖြစ် ယန်း ၆.၆၅ ထရီလီယံရှိခဲ့ကြောင်း၊ အဓိကအားဖြင့် မော်တော်ယာဉ်များတင်ပို့နိုင်မှုကြောင့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၂၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၁၈.၇ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ ဆေး၊ ကျောက်မီးသွေးနှင့် အခြားသောကုန်စည်များ  ဂျပန်နိုင်ငံသို့ တင်သွင်းနိုင်ခဲ့မှုကြောင့် ၂၆.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၁၂.၀၅  ထရီလီယံ စံချိန်တင်တင်သွင်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် ကုန်သွယ်ရေးလိုငွေ ၆.၈၁ ထရီလီယံရှိခဲ့ကြောင်း၊ အဓိကအားဖြင့် စမတ်ဖုန်း၊ အဝတ်အထည်နှင့် Audio-related Parts များကို တရုတ်နိုင်ငံမှ တင်သွင်းမှုမှာ ၁၉.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယန်း ၂၅.၃၃ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ Audiovisual Equipment၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်း (Semiconductor) နှင့် အခြားသောလျှပ်စစ်ပစ္စည်းများ တင်ပို့နိုင်ခဲ့မှုကြောင့် ၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၁၈.၅၁ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

          အမေရိကန်နိုင်ငံ၏ ဗဟိုဘဏ် Federal Reserve အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြှင့်တက်မှုကို ထိန်းညှိနိုင်ရန်အတွက် အတိုးနှုန်းမြင့်တက်ခဲ့မှုကြောင့် စီးပွားရေးတိုးတက်မှုကို နှေးကွေးစေနိုင်သည့်အတွက် ဂျပန်နိုင်ငံမှ သွင်းကုန်တင်သွင်းမှုကို လျော့ချနိုင်သည့်အတွက်  စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒရုတ်သိမ်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံမှ ပို့ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆက်လက်နှေးကွေးနိုင်မည့်အပေါ်လည်း စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

        ဂျပန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်ရေးလိုငွေမှာ ယန်း ၁.၇၇ ထရီလီယံ ရှိခဲ့ပြီး ၁၁ နှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပါအဝင် အခြားသောအာရှနိုင်ငံများနှင့် ကုန်သွယ်မှုပိုငွေ ၄၅၄.၂၄ ဘီလီယံရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြပါရှိပါသည်။

          တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုအခြေအနေမှာ တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ဇန်နဝါရီလနောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု ခန့်မှန်းထားသော်လည်း အမေရိကန်နှင့် ဥရောပတို့၏ ဝယ်လိုအားမှာ  လျော့နည်းနေဆဲဖြစ်ကြောင်း Daiwa Securities မှ စီးပွားရေးပညာရှင် Kota Suzuki က ပြောကြားထားပါသည်။ လက်တလောတွင် လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့မှုနှင့် ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုကြောင့် သွင်းကုန်တန်ဖိုးမှာ သိသိသာသာကျဆင်းနိုင်ခြင်း မရှိသော်လည်း ကုန်သွယ်မှုလိုငွေမှာ အနည်းငယ်လျော့နည်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း Suzuki က ပြောကြားထားပါသည်။

          ၂၀၂၃ ခုနှစ်၊ မတ်လတစ်လတည်းတွင် ဂျပန်နိုင်ငံ၏ သွင်းကုန်မှာ ၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ပို့ကုန်မှာ ၄.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ၊ ကုန်သွယ်မှုလိုငွေ ယန်း ၇၅၄.၅၁ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ တိုကျိုမြို့) 

Category: Japan