Japan

ဂျပန်နိုင်ငံ၏ ပထမဦးဆုံးကာဆီနိုကို အိုဆာကာတွင် ဖွင့်လှစ်သွားမည်

Last Updated:

ဂျပန်နိုင်ငံ၏ ပထမဦးဆုံးကာဆီနိုကို ၂၀၂၉ ခုနှစ်၌ Integrated Resort နှင့်အတူ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။ Integrated Resort တွင် ပြခန်းများ၊ အစည်းအဝေး ခန်းမများ၊ ဟိုတယ်များ၊ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ ၁၂၂ ဧကကျယ်ဝန်းကြောင်း ဖော်ပြထားပါသည်။ အဆိုပါ Integrated Resort ကို အိုဆာကာရှိ Yumeshima ကျွန်းအတုတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပါသည်။

          အဆိုပါ Integrated Resort ကို အမေရိကန်အခြေစိုက် MGM Resorts မှ ၄၀ ရာခိုင်နှုန်း၊ Orix Corporation မှ ၄၀ ရာခိုင်နှုန်းနှင့် Panasonic, Kansai Electric Power, and West Japan Railway အပါအဝင် ဂျပန်အခြေစိုက်ကုမ္ပဏီ ၂၀ ခုမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ Integrated Resort သို့ ဧည့်သည် သန်း ၂၀ လာရောက်ကာ တစ်နှစ်လျှင် ယန်း ၅၂၀ ဘီလီယံဝင်ငွေရရှိနိုင်ကြောင်း အိုဆာကာအစိုးရက ခန့်မှန်းထားပါသည်။

          ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဆွဲဆောင်နိုင်ရန်အတွက် Integrated Resort သည် အလွန်အရေးကြီးပါကြောင်း၊ ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နိုင်ငံဖြစ်စေရေးကြိုးပမ်းမှုကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖူမီအို ခီရှိဒက ပြောကြားထားပါသည်။

          ဂျပန်နိုင်ငံတွင် ကာဆီနိုတည်ဆောက်ရန်အတွက် ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အတွက် MGM အနေဖြင့် ဂျပန်နိုင်ငံမှ Orix Corp နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပြုချက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan