India (Delhi)

ပင်လယ်နက်ဒေသနှံစားသီးနှံတင်ပို့မှုသဘောတူညီချက်ကို ရုရှားက ပယ်ဖျက်လိုက်သဖြင့် နေကြာဆီ နှင့် ဂျံဈေးနှုန်းများ ကြီးမြင့်လာ

Last Updated:

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားနေသော ပင်လယ်နက်ဒေသတွင်း ကုန်စည်ပစ္စည်းများတင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို ရုရှားက ရပ်ဆိုင်းလိုက်ပြီးနောက် အိန္ဒိယနိုင်ငံတွင် နေကြာဆီနှင့် ဂျုံဈေးနှုန်းများမြင့်တက်ခဲ့ကြောင်းနှင့် ပဲပုတ်အဓိကထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင်လည်း ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် ပဲပုတ်ထွက်ရှိမှုကို သက်ရောက်မှုရှိခဲ့ပြီး ပဲပိစပ်ဆီဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း  The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ပင်လယ်နက်ဒေသတွင်း နှံစားသီးနှံနှင့် အခြားသောစားသောက်ကုန်တင်ပို့မှုများကို ၁ နှစ်ခန့် ခွင့်ပြုခဲ့ပြီးဖြစ်သော ယင်းသဘောတူညီချက်ကို ရုရှားက ဇူလိုင်လ ၁၇ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီးနောက် အိန္ဒိယနိုင်ငံသို့ နေကြာဆီတင်ပို့မှုများ ရပ်တန့်သွားပါကြောင်း၊ ပိုမိုဆိုးရွားစေသည့် အချက်တစ်ချက်မှာ ရုရှားသည် ယူကရိန်းတို့၏ နှံစားသီးနှံအဓိကတင်ပို့သည့် အိုဒက်ဆာဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သဖြင့် နှံစားသီးနှံတန်ချိန် ၆၀,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်းနှင့် အိန္ဒိယသည် နေကြာဆီနှင့်ပဲပိစပ်ဆီတို့ကို ပြည်တွင်းလိုအပ်ချက်နှင့်ကိုက်ညီစေရန် တင်သွင်းလျက်ရှိပြီး ပင်လယ်နက်ဒေသ နှံစားသီးနှံသဘောတူညီချက်ဆိုင်းငံ့ပြီးနောက် နေကြာဆီဈေးနှုန်းမှာ ၈ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရှိရပါသည်။

ဟင်းသီးဟင်းရွက်ဆီကုန်သွယ်မှုဆောင်ရွက်နေသည့် Sunvin Group ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sandeep Bajoria ကလည်း အိန္ဒိယနိုင်ငံတွင် နေကြာဆီနှင့်ပဲပိစပ်ဆီဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပါကြောင်း၊ပင်လယ်နက်ဒေသနှံစားသီးနှံတင်ပို့မှုသဘောတူညီချက်ကို ရုရှားအနေနှင့် သက်တမ်းတိုးမြှင့်ခြင်းမရှိပါက နေကြာဆီဈေးနှုန်းများမှာ ပိုမိုမြင့်တက်လာမည့် သဘောရှိပါကြောင်းနှင့် အခြားတစ်ဘက်တွင်လည်း အမေရိကန်ပြည်ထောင်စုတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် ပဲပိစပ်ဆီဈေးနှုန်းမှာလည်း ပြီးခဲ့သည့် အပတ်က ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ပြောကြားထားပါသည်။

ထို့အပြင် ယခုနှစ် စားသုံးဆီသီးနှံရာသီကာလဖြစ်သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ နေကြာဆီလိုအပ်ချက်မှာ တန်ချိန် ၃ သန်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ၂.၃ သန်း သာတင်သွင်းခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် စားသုံးဆီဈေးနှုန်းများ ကျဆင်းခဲ့မှုကြောင့် စားသုံးဆီသုံးစွဲမှုမှာ မြင့်တက်လာပါကြောင်းနှင့် အိန္ဒိယနိုင်ငံသည် နှစ်စဉ် စားသုံးဆီတန်ချိန် ၁၄.၅ သန်း မှ ၁၅ သန်းအထိ တင်သွင်းရကြောင်း Bajoria က ပြောကြားထားပါသည်။

ရုရှား၏ ယခုဆောင်ရွက်ချက်သည် စားသောက်ကုန်တင်သွင်းသည့် ကုမ္ပဏီများကို တိုက်ရိုက်သက်ရောက်မှုရှိခဲ့ပါကြောင်း၊ နေကြာဆီတင်သွင်းမှုဈေးနှုန်းများမှာ ပြီးခဲ့သည့် ၃ ရက်၊ ၄ ရက်အတွင်း  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၆၀ မှ ၁၀၃၀ ထိ ဈေးတက်ခဲ့သော်လည်း လက်လီဈေးကွက်တွင် ဈေးနှုန်းကို ချက်ချင်းမတက်သေးပါကြောင်း Gemini Edibles & Fat ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Pradeep Chowdhry က ပြောကြားထားပါသည်။

ပင်လယ်နက်ဒေသနှံစားသီးနှံသဘောတူညီချက်ကို ရုရှားက ဆိုင်းငံ့လိုက်ပြီးနောက် ကမ္ဘာ့ဂျုံဈေးနှုန်းမှာလည်း ကြီးမြင့်လာပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ဂျုံဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၈၄ ဒေါ်လာရှိရာမှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဥရောပစတော့အိပ်ချိန်းတွင် ၉ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်းနှင့် အမေရိကန်၌  ဂျုံဈေးနှုန်းမှာလည်း ၈ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံးမြင့်တက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျုံဈေးနှုန်းမှာ လာမည့် ၃ လ သို့မဟုတ် ၄ လအတွင်း ၁၅ ရာခိုင်နှုန်းထိ မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်းနှင့် နှံစားသီးနှံကုန်သွယ်ရေးသဘောတူညီချက်ရပ်ဆိုင်းခြင်းသည် ကုန်ဈေးနှုန်းများကို ပိုမိုမြင့်တက်စေနိုင်ကြာင်း ဂျုံစက်ရုံလုပ်ငန်းရှင်များအသင်း၏ ယခင်ဥက္ကဋ္ဌဖြစ်သူ Anjani Aggarwal ကလည်း ပြောကြားထားပါသည်။

အမေရိကန်နိုင်ငံ၏ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသည်လည်း အိန္ဒိယနိုင်ငံ စားသုံးဆီလုပ်ငန်းကဏ္ဍအတွက် စိုးရိမ်စရာဖြစ်ပါကြောင်း၊ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန၏ စိုက်ပျိုးဧကတင်ပြမှုအချက်အလက်များအရ ပဲပုတ်စိုက်ဧကမှာ ယခင်နှစ်၏ စိုက်ဧက ၈၃.၅ သန်းနှင့်နှိုင်းယှဉ်လျှင် ၄.၆ ရာခိုင်နှုန်းလျော့နည်းကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ရုရှား၊ ယူကရိန်းပဋိပက္ခနှင့် အမေရိကန်ပြည်ထောင်စုတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အိန္ဒိယနိုင်ငံ၏ နေကြာဆီ၊ ပဲပိစပ်ဆီတင်သွင်းမှုများကို သက်ရောက်မှုရှိသကဲ့သို့ မြန်မာနိုင်ငံ၏ နေကြာဆီ၊ ပဲပိစပ်ဆီတင်သွင်းမှုအပေါ်တွင်လည်း အနည်းနှင့်အများ သက်ရောက်မှုများရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိသော်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်မှုမရှိဘဲ စားအုန်းဆီနှင့် နေကြာဆီ၊ ပဲပိစပ်ဆီများကို ပြည်ပမှ မှာယူတင်သွင်းနေရပါသည်။ ယခုအခါ နိုင်ငံတော်အစိုးရက စားသုံးဆီပြည်တွင်းသုံးစွဲမှုဖူလုံမှုရှိစေရေးအတွက် နေကြာစိုက်ပျိုးရေးကို မူဝါဒတစ်ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် စိုက်ပျိုးသူတောင်သူများအတွက် လိုအပ်သည့် ချေးငွေ၊ နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်သကဲ့သို့ ထွက်ရှိလာမည့်သီးနှံများအတွက်လည်း ဈေးနှုန်းအာမံပေးခြင်းဖြင့် ဆွဲဆောင်စည်းရုံးဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

Source: Sunflower oil, wheat prices up as Russia ends Black Sea grain deal, The Economic Times, 22 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

 

Category: India (Delhi)