India (Delhi)

အိန္ဒိယနိုင်ငံ၏ အီလက်ထရွန်နစ်ပစ္စည်းများတင်ပို့မှုသည် ယခုနှစ် ပထမ ၃ လပတ်ကာလအတွင်း ၅၆ ရာခိုင်နှုန်းထိ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး အဓိကတင်ပို့သည့် ကုန်စည်များစာရင်းတွင် အဆင့် ၄ နေရာသို့ ရောက်ရှိလာ

Last Updated:

အိန္ဒိယနိုင်ငံ၏ အီလက်ထရွန်နစ်ကုန်ပစ္စည်းတင်ပို့မှုသည် ဧပြီလမှ ဇွန်လအထိ ပထမ ၃ လပတ်ကာလအတွင်းတွင် အဆင့် ၂ ဆင့်တိုးတက်လာပြီး အများဆုံးတင်ပို့သည့် ကုန်ပစ္စည်းအမျိုးအစား ၃၀  စာရင်းတွင် အဆင့် ၄ နေရာသို့ရောက်ရှိလာပါကြောင်းနှင့် အမြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသည့် ပို့ကုန်အုပ်စုဖြစ်ပါကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များအရ အီလက်ထရွန်နစ်ကုန်ပစ္စည်းတင်ပို့မှုသည် ယခုနှစ် ပထမ ၃ လပတ်တွင် အိန္ဒိယရူပီး ၅၇, ၂၂၀.၂၄ Crore (572,၂၀၂ သန်း) ခန့်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူတွင် တင်ပို့နိုင်ခဲ့သည့်တန်ဖိုး ရူပီး ၃၆,၅၃၃.၁၈ Crore (၃၆၅,၃၃၂ သန်း)နှင့်နှိုင်းယှဉ်လျှင် ၅၆ ရာခိုင်နှုန်းထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည်ဟု သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ ကျောက်မျက်ရတနာတင်ပို့မှုပမာဏနှင့် အီလက်ထရွန်နစ်ပစ္စည်းတင်ပို့မှုအကြား ကွာခြားမှုအနည်းငယ်သာရှိသဖြင့် နောက်လာမည့် ၃ လပတ်တွင် အိန္ဒိယ၏ အီလက်ထရွန်နစ်ကုန်ပစ္စည်းတင်ပို့မှုသည် အဓိကတင်ပို့သည့်ကုန်ပစ္စည်းနေရာ၌ အဆင့် ၃ နေရာသို့ ရောက်ရှိလာနိုင်ပါကြောင်းနှင့် အီလက်ထရွန်နစ်ကုန်ပစ္စည်းတင်ပို့မှုသည် အဓိကပို့ကုန်များတွင် ယခင်က အဆင့် ၆ နေရာတွင်ရှိရာမှ ၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၃ လပတ်တွင်  ဓါတုပစ္စည်းနှင့် ဆေးနှင့် ဆေးဝါးပစ္စည်းတင်ပို့မှုပမာဏကို ကျော်တက်ပြီး အဆင့် ၄ နေရာသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိအခြေအနေအရ ကျောက်မျက်ရတနာတင်ပို့မှုမှာ နောက်လာမည့် ၃ လပတ်များတွင် သိသိသာသာတိုးတက်လာခြင်းမရှိပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အီလက်ထရွန်နစ်ကုန်ပစ္စည်းတင်ပို့မှုသည် ရေနံထွက်ကုန်ပစ္စည်းတင်ပို့မှုနှင့် အင်ဂျင် နီယာထုတ်ကုန်ပစ္စည်းတင်ပို့မှုများနောက်တွင် နိုင်ငံ၏တတိယအများဆုံးတင်ပို့နိုင်သည့် အဓိကပို့ကုန်အုပ်စုဖြစ်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။

အီလက်ထရွန်နစ်ကုန်ပစ္စည်းများတင်ပို့မှုကြီးထွားလာရခြင်းမှာ ၂၀၂၀ ခုနှစ်တွင် အစိုးရ၏ ထုတ်လုပ်မှုနှင့် ချိတ်ဆက်မက်လုံးပေးမှုအစီအမံ (Production-Linked Incentive – PLI scheme) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၁၅ လကာလအတွင်း အီလက်ထရွန်နစ်ပစ္စည်းတင်ပို့မှုကြီးထွားလာခြင်းတွင် မိုဘိုင်းဖုန်းသည် အများဆုံးတင်ပို့သည့်ပစ္စည်းဖြစ်ပါကြောင်း၊ လက်ရှိဘဏ္ဍာနှစ်၏ ပထမ ၃ လပတ်တွင် မိုဘိုင်းဖုန်းတင်ပို့မှုမှာ အီလက် ထရွန်နစ်ပစ္စည်းတင်ပို့မှုအားလုံး၏ ၅၂ ရာခိုင်နှုန်းရှိပြီး တန်ဖိုးအားဖြင့် အိန္ဒိယရူပီး ၃၀,၀၀၀ Crore(300,000 သန်း)ရှိပါကြောင်းနှင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် မိုဘိုင်းဖုန်းတင်ပို့မှုမှာ အီလက်ထရွန်နစ်ကုန်ပစ္စည်းတင်ပို့မှုစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရပါသည်။

မိုဘိုင်းဖုန်းတင်ပို့မှုတွင် ပန်းသီးတံဆိပ်အိုင်ဖုန်းတင်ပို့မှုမှာ အများဆုံးဖြစ်ပြီး အီလက်ထရွန်နစ်ကုန်ပစ္စည်းစုစုပေါင်းတင်ပို့မှု၏ ၃၅ ရာခိုင်နှုန်းနှင့် မိုဘိုင်းဖုန်းတင်ပို့မှုစုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းပါဝင်ပါကြောင်း၊ လက်ရှိတွင် ပန်းသီးတံဆိပ်၊ အိုင်ဖုန်းအမျိုးအစား (Apples iPhone)  ၁၂၊ ၁၃၊ ၁၄ များကို အိန္ဒိယနိုင်ငံမှတင်ပို့လျက်ရှိပြီး ယင်းထုတ်ကုန်များကို မိုဘိုင်းဖုန်းများအတွက် PLI အစီအမံအောက်တွင် ကိုယ်စားလှယ်ကုမ္ပဏီ ၃ ခုဖြစ်သည့် Foxconn Hon Hai , Wistron နှင့် Pegatron ကုမ္ပဏီများမှ ထုတ်လုပ်တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိဘဏ္ဍာနှစ် ပထမ ၃ လပတ်တွင် အိန္ဒိယနိုင်ငံမှ ပန်းသီးတံဆိပ်အိုင်ဖုန်းတင်ပို့မှုမှာ အိန္ဒိယ ရူပီး ၂၀,၀၀၀ Crore (၂၀၀,၀၀၀ သန်း)ကျော်ရှိပြီး ပျမ်းမျှအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တင်ပို့မှု၏ ထက်ဝက်ကျော်ပမာဏကို ကျော်လွန်တင်ပို့ထားပြီးဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ရယူထားသည့် ကုမ္ပဏီကြီး ၃ ခုသည် PLI Scheme အောက်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အိန္ဒိယရူပီး ၆၁,၀၀၀ Crore (၆၁၀,၀၀၀ သန်း)တန်ဖိုးတင်ပို့နိုင်ရန် ကတိပြုကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါ သည်။

အိန္ဒိယအစိုးရသည် အီလက်ထရွန်နစ်ကုန်ပစ္စည်းများတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပြီးခဲ့သည့်နှစ်အနည်းငယ်က များစွာသောအစီအမံများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလတွင် အစိုးရက မိုဘိုင်းဖုန်းကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုအစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါကြောင်း၊ ထို့နောက်တွင် မိုဘိုင်းဖုန်းနှင့် နည်းပညာဆိုင်ရာကုန်ပစ္စည်းများထုတ်လုပ်မှုအတွက် PLI Scheme ကို ထပ်မံကြေညာဆောင်ရွက်ခဲ့သကဲ့သို့ အီလက် ထရွန်နစ်အစိတ်အပိုင်းများထုတ်လုပ်မှုကို အထောက်အကူပြုသည့်အစီအမံများလည်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏အီလက်ထရွန်နစ်ကုန်ပစ္စည်းထုတ်လုပ်မှုတိုးတက်ရာတွင် အစိုးရက မူဝါဒ၊ အစီအမံများချမှတ်၍ ကုန်ထုတ် လုပ်သူများအတွက် လုပ်ထုံးလုပ်နည်းများလွယ်ကူချောမွေ့စေရေးနှင့် မက်လုံးပေးဆွဲဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည့်ကို တွေ့မြင်ရပါသည်။ ထို့အပြင် အဆိုပါအစီအမံများကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း၍ တစ်စိုက်မတ်မတ်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြသည်ကိုလည်း တွေ့မြင်ရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်လည်း ကုန် ထုတ်လုပ်မှုတိုးတက်ရေးအတွက် မိမိနိုင်ငံနှင့်လိုက်လျောညီထွေရှိသော အလားအလာကောင်းမွန်သည့် နယ်ပယ်ထုတ်ကုန်ပစ္စည်းများကိုရွေးချယ်၍ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းပြီး မူဝါဒအစီအမံများချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း အကြုံပြုလိုက်ရပါသည်။

Source: Electronics exports grew 56 % in Q1, at 4th in pecking order, The Economic Times, 23 July, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)