ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ အတက်အကျမတည်ငြိမ်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံရှိ အိမ်ထောင်စုဝင်များအနေဖြင့် ဘဏ္ဍာ ရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရမှုမှ သက်သာစေရန်ရည်ရွယ်၍ တောင်ကိုရီးယားနိုင်ငံတွင်း စက်သုံးဆီအတွက်ကောက်ခံသည့်အခွန်(Fuel Taxes) လျှော့ချ ပေးမှုကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ သက်တမ်းတိုးမြှင့်သွားမည်ဟု စီးပွား ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၁၄-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
လက်ရှိ ထုတ်ပြန်လိုက်သောအစီအစဉ်အရ ဓါတ်ဆီတစ်လီတာရောင်းချမှုအပေါ် ကောက်ခံသည့် Fuel Taxes ကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်ပြီး ဒီဇယ်နှင့် ဓါတ်ငွေ့ရည်(Liquefied Petroleum Gas-LPG) တစ်လီတာရောင်းချမှုအပေါ် ကောက်ခံသည့်အခွန်ကို ၁၅ ရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံတွင် စက်သုံးဆီအတွက် ကောက်ခံသည့်အခွန်လျှော့ချပေးမှုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မြင့်မားလာသောစွမ်းအင် ဈေးနှုန်းများကို တုံ့ပြန်သည့်အနေဖြင့် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ကောက်ခံသည့်အခွန်လျှော့ချပေးမှုနှုန်းထားကို ပြောင်းလဲနေသော ကမ္ဘာ့စွမ်းအင်ဈေးနှုန်းပြောင်းလဲမှုနှုန်းထားနှင့်အညီ ချိန်ညှိပေးလျက်ရှိပါသည်။ ယခုအကြိမ်သက်တမ်းတိုးခြင်းသည် (၁၇)ကြိမ်မြောက်သက်တမ်းတိုးခြင်းဖြစ်ပါသည်။ စွမ်းအင်အတွက် ပြည်ပမှ ရေနံစိမ်းတင်သွင်းမှုအပေါ် များစွာမှီခိုနေရသည့်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း ထူးထူးခြားခြားအပြောင်း အလဲဖြစ်သည့်ဒဏ်ကို ခံနိုင်ရည်မရှိသည့်နိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမြင့်မားလာခြင်းသည် တောင်ကိုရီးယားပြည်တွင်းငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့်အကြောင်းရင်းတစ်ခုပင်ဖြစ်သည့်အတွက် ယခုကဲ့သို့စွမ်းအင်ဈေးနှုန်းတည်ငြိမ်စေရေး အစိုးရက စောင့်ကြည့်လေ့လာ၍ သင့်လျော်သောမူဝါဒများ ချမှတ်ပေးရခြင်းဖြစ်ပါသည်။
Source: Korea Times (14-8-2025)
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)