Japan

တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) အပါအဝင် နည်းပညာမြင့်ကုန်စည်များတင်ပို့မှု ထိန်းချုပ်ခြင်းကို ဂျပန်နိုင်ငံအနေဖြင့် ရပ်တန့်ရန် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တိုက်တွန်း

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)အပါအဝင် နည်းပညာမြင့်ကုန်စည်များတင်ပို့မှု ကန့်သတ်ခြင်းသည် မှားယွင်းသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံတကာစီးပွားရေးနှင့်ကုန်သွယ်မှုစည်းမျဉ်းများနှင့်လည်း သွေဖည်လျက်ရှိသည့်အတွက် ပြန်လည်ပြင်ဆင်ရန် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao က တိုက်တွန်းခဲ့ကြောင်းကို တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအနေဖြင့် အမေရိကန်နိုင်ငံ၌ မေလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် ဂျပန်ကုန်သွယ်ရေးဝန်ကြီး Mr.Yasutoshi Nishimura နှင့်တွေ့ဆုံစဉ်ကလည်း အဆိုပါအချက်ကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်သည် စက်မှုလုပ်ငန်းများ၏ အခြေခံဖွံ့ဖြိုးတိုးတက်မှုအတွက် ထိခိုက်စေမည်ဖြစ်သည့်အတွက် ကမ္ဘာ့စက်မှုထုတ်လုပ်မှုကွင်းဆက်ကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရေး ကူညီဆောင်ရွက်သင့်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအနေဖြင့် တိုက်တွန်းပြောကြားထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) အများဆုံးအသုံးပြုသည့်နိုင်ငံဖြစ်ပြီး အဆိုပါကုန်စည်များကို အသုံးပြုပြီး ကုန်ချောများအဖြစ် ထုတ်လုပ်ကာ အကျိုးကျေးဇူးများစွာရရှိလျက်ရှိပါသည်။ ဂျပန်နိုင်ငံအနေဖြင့် Chip ထုတ်လုပ်သည့် အဆင့်မြင့်နည်းပညာများနှင့် အဆိုပါအဆင့်မြင့်နည်းပညာများကို အသုံးပြု၍ထုတ်လုပ်နိုင်သည့် စက်ပစ္စည်းများ ပိုင်ဆိုင်ထားလျက်ရှိပါသည်။

ဂျပန်နိုင်ငံမှထုတ်လုပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)နှင့်ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံသို့အများဆုံးတင်ပို့ရောင်းချနေရသဖြင့် ဂျပန်နိုင်ငံမှ ယခုကဲ့သို့တရုတ်နိုင်ငံသို့ တင်ပို့မှုကန့်သတ်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံရှိစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားပါသည်။  ဂျပန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုကန့်သတ်ချက်ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူ၏သဘောထားအမြင်ကို ၂ လကြာ ရယူခဲ့စဉ်ကလည်း စက်မှုလုပ်ငန်းရှင်အချို့အနေဖြင့် အစိုးရ၏ထိုသို့ဆောင်ရွက်မှုအပေါ် စိုးရိမ်မှုနှင့်ဆန့်ကျင်မှုများရှိကြောင်းလည်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ပို့ကုန်ထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားထားပြီး အမေရိကန်နိုင်ငံဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ တရုတ်နိုင်ငံအပေါ် ပို့ကုန်တင်ပို့မှုကန့်သတ်ခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် တင်ပြထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ထုတ်လုပ်သည့် နည်းပညာမြင့်စက်ပစ္စည်းများအပါအဝင် ကုန်စည် ၂၃ မျိုးကို ပို့ကုန်ထိန်းချုပ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဂျပန်စီးပွားရေးဝန်ကြီး Yasutoshi Nishimura က ပြောကြားခဲ့ပါသည်။

ပို့ကုန်ထိန်းချုပ်ကန့်သတ်သည့်စာရင်းပါ ကုန်စည်များကို ဂျပန်နိုင်ငံမှ Friendly Countries အဖြစ် သတ်မှတ်ထားသည့် နိုင်ငံ ၄၂ နိုင်ငံ(အမေရိကန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်အပါအဝင်)မှအပ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့တင်ပို့မည်ဆိုပါက တင်ပို့မည့်အကြိမ်တိုင်းအတွက် ဂျပန်စီးပွားရေးဝန်ကြီး၏ ခွင့်ပြုချက်ရယူတင်ပို့ရမည်ဖြစ်ပြီး ဇူလိုင်လမှစတင်၍ အသက်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

Sources: The Economic Times, The Business Times, The Global Times (29-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan