India (Kolkata)

အိန္ဒိယနိုင်ငံမှဆန်များ ဥရောပနိုင်ငံအချို့သို့တင်ပို့ရာ၌ ပို့ကုန်စစ်ဆေးရေးလက်မှတ်လိုအပ်ချက် ယာယီဖြေလျှော့

Last Updated:

အိန္ဒိယနိုင်ငံမှ ဘာစမာတီနှင့် ဘာစမာတီမဟုတ်သောဆန်များကို ဥရောပနိုင်ငံအချို့သို့ တင်ပို့ရာ၌ ပို့ကုန်စစ်ဆေးရေးဌာနများက စစ်ဆေးအတည်ပြုထားသည့်လက်မှတ် မဖြစ်မနေပူးတွဲတင်ပြရန် လိုအပ်သည့်ကိစ္စအား ယာယီရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ အဆိုပါကိစ္စကို အိန္ဒိယနိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအား ပြင်ဆင်သည့် အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၃ ကို မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းပြင်ဆင်ချက်၌ အိန္ဒိယနိုင်ငံမှ ဘာစမာတီနှင့် ဘာစမာတီမဟုတ်သောဆန်များကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အိုက်စလန်း၊ လစ်တင်စတိုင်၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့်ယူကေနိုင်ငံတို့သို့ တင်ပို့ရောင်းချရာတွင်သာလျှင် ပို့ကုန်စစ်ဆေးရေးကောင်စီ သို့မဟုတ် ပို့ကုန်စစ်ဆေးရေးဌာနမှ စစ်ဆေးအတည်ပြုလက်မှတ်တင်ပြရန်လိုအပ်သည် ဟူသောအချက်ကိုအဓိကဖော်ပြခဲ့သည်။ အဆိုပါဖြေလျှော့မှုမှာ လာမည့် (၆) လတာကာလအထိ အသက်ဝင်မည်ဖြစ်သည်။

အထက်ဖော်ပြပါ ဥရောပတိုင်းပြည်များမှအပ ကျန်ဥရောပတိုင်းပြည်များသို့ အဆိုပါဆန်များ တင်ပို့ရောင်းချရာ၌ မည်သည့်ပို့ကုန်စစ်ဆေးရေးလက်မှတ်မျှ မလိုအပ်တော့ကြောင်းနှင့် ယခုအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ နောင် (၆) လအထိ အဆိုပါကိစ္စအသက်ဝင်မည်ဖြစ်ကြောင်း DGFT က ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှစတင်၍ သတ်မှတ်ထားသော ဥရောပတိုင်းပြည်များသို့ ဆန်တင်ပို့ရာ၌ ပို့ကုန်စစ်ဆေးရေးလက်မှတ် မဖြစ်မနေတင်ပြရန်လိုအပ်သည်ဟု DGFT က ကနဦးထုတ်ပြန်ကြေညာခဲ့သည်။ ပို့ကုန်စစ်ဆေးရေးကောင်စီ (EIC) သည် အိန္ဒိယနိုင်ငံ၏ တရားဝင်ပို့ကုန်စစ်ဆေးရေးဌာနတစ်ခုဖြစ်ပြီး၊ နိုင်ငံမှတင်ပို့ရောင်းချသော ထုတ်ကုန်များ၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုတို့ကို အာမခံပေးရသည့်တာဝန်ရှိသော အဖွဲ့အစည်းဖြစ်သည်။ သို့သော် DGFT အနေဖြင့် အဆိုပါပို့ကုန်လိုအပ်ချက်ကို (၆) လယာယီဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဇစ်မြစ်။ Trade Promotion Council of India

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)