India (Delhi)

နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်အတွက် ညှိနှိုင်းမှုများစတင်ရန် အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့ သဘောတူညီမှုရရှိ

Last Updated:

အိန္ဒိယနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား ကုန်သွယ်ရေးသဘောတူညီစာချုပ်အတွက် ညှိနှိုင်းမှုများစတင်ရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြကြောင်း၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများ ကြီးမားလာသည့်ကာလတွင် ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ကာကွယ်ရေးဆိုင်ရာပူးပေါင်းမှုများဆောင်ရွက်ရန် သန္နိဋ္ဌာန်ပြုခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် Enrique A Manalo နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး S Jaishankar တို့အကြား အသေးစိတ်ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၆ ခုနှစ်တွင် ကုလသမဂ္ဂအနုညာတခုံရုံးက ချမှတ်ခဲ့သည့် တောင်တရုတ်ပင်လယ်အရေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို နှစ်ဖက်လုံးက အလေးအနက်ထားပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

အိန္ဒိယနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာ တိုးတက်လျက်ရှိပြီး  ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၇၅ မီလီယံတန်ဖိုးရှိ ဘရာမိုစ် ခရုစ် မဆိုင်း(BrahMos Cruise Missile)အတွက် ဘက်ထရီ ၃ လုံးကို အိန္ဒိယနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားချက်များအရ သိရှိရပါသည်။

နှစ်နိုင်ငံပူးတွဲထုတ်ပြန်ကြေညာချက်တွင် အိန္ဒိယနှင့်ဖိလစ်ပိုင်နှစ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းစေရေးတိုးမြှင့်ဆောင်ရွက်ရန်၊ တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ်တွင် ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာဥပဒေ(UNCLOS)နှင့် အနုညာတခုံရုံးဆုံးဖြတ်ချက်ကဲ့သို့သော နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာဆောင်ရွက်ရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ်ကြောင်းတို့ကို အလေးထားဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ်အတွင်း နယ်နိမိတ်အငြင်းပွားမှုတွင် ကုလသမဂ္ဂအနုညာတခုံသမာဓိရုံးက ဖိလစ်ပိုင်ကို အသာစီးပေးခဲ့သော်လည်း တရုတ်နိုင်ငံက အဆိုပါဆုံးဖြတ်ချက်ကို လက်ခံရန်ငြင်းဆိုခဲ့ပါကြောင်း၊ ထို့ကြောင့် ဟိုက်ဒရိုကာဗွန်များစွာထွက်ရှိသည့်  တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့်ဖြစ်ပွားနေသည့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံအသီးသီးက စိုးရိမ်မှုများမြင့်တက်လျက်ရှိပါကြောင်းနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း စသည့်ဒေသတွင်းနိုင်ငံများစွာနှင့် နယ်နိမိတ်အငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ယခုကျင်းပသည့် ငါးကြိမ်မြောက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးသည် ပြီးပြည့်စုံပြီး ရလဒ်ကောင်းများစွာရရှိခဲ့ဟု ပြောကြားထားပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် အိန္ဒိယနိုင်ငံမှ ချေးငွေများပေးအပ်နိုင်ရေးစဉ်းစားရန်၊ ပင်လယ်ပြင်စိုးမိုးရေးနှင့် လုံခြုံရေးအတွက် ပူးတွဲလေ့ကျင့်ခန်းများပြုလုပ်ရန်၊ သင်တန်းများပိုမိုဆောင်ရွက်ရန်နှင့် မနီလာမြို့၌ စစ်သံရုံးရုံးခွဲဖွင့်လှစ်ရေးအပါအဝင်  ကာကွယ်ရေးကဏ္ဍတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များပါရှိကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးအတွင်းဝန်တို့သည် နှစ်နိုင်ငံကုန်သွယ်မှုသည် တိုးတက်လျက်သည့်အတွက် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းမှုများစတင်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ပူးတွဲကြေညာချက်တွင် ခရီးသွားလာမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်းအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေးစာချုပ်နှင့် အမှုအခင်းများအတွက် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးအပ်နိုင်ရေး စာချုပ်အတွက် ညှိနှိုင်းမှုများ‌ဆောင်ရွက်ရန်တို့လည်း ပါရှိကြောင်း သိရှိရပါသည်။

ယခုအစည်းအဝေးတွင် ကာကွယ်ရေး၊ ပင်လယ်ပြင်လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးနှင့်ဆေးဝါး၊ ခရီးသွားလာမှု၊ လေကြောင်းဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေး၊ ငွေကြေးဆိုင်ရာနည်းပညာ၊ သိပ္ပံနှင့်နည်းပညာနှင့် အာကာသနည်းပညာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ ပါဝင်ပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်သည် ယခုဆွေးနွေးပွဲအတွက် ၄ ရက်ကြာခရီး လာရောက်လျက်ရှိကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။  

Source : India, Philippine decide to commence negotiations on bilateral trade pact, Business Standard Newspaper, 29 June, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)