Russia

ရုရှားနိုင်ငံမှ ကုမ္ပဏီပေါင်း ၅၀ ကျော်သည် Harbin Fair(တရုတ်) စီးပွားရေးကုန်စည်ပြပွဲတွင် ပါဝင်မည်ဖြစ်

Last Updated:

ရုရှားနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလောင်ကျန်း ပြည်နယ်(Heilongjiang)ရှိပြည်သူများသည် ရုရှားထုတ်ကုန်များဖြစ်သည့် နှင်းဆီရောင်ရွှေ၊ ပင်လယ် စာ၊ ငါးဥ၊ ဘီယာ၊ သကြားလုံး၊ ပျားရည်၊ ဂျုံ၊ ထောပတ်၊ ကိတ်မုန့်နှင့် အခြားစားသောက်ကုန်များကို ဝယ်လိုအားအရမ်းများနေကြောင်း ဟေလောင်ကျန်းပြည်နယ်အစိုးရမှ ပြောကြားခဲ့ကြောင်း RIA သတင်းဌာနမှ ဖော်ပြထားသည်။

(၃၂) ကြိမ်မြောက် ဟာဘင်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်စီးပွားရေးကုန်စည်ပြပွဲ (China Harbin International Economic and Trade Fair 2023)ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ၊ ဟေလောင်ကျန်းပြည်နယ်၊ ဟာဘင်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်နယ်အာဏာပိုင်များ၏အဆိုအရ အဆိုပါပြပွဲကို နိုင်ငံနှင့်ဒေသပေါင်း ၃၅ ခုမှ ကုမ္ပဏီပေါင်း ၁၂၉၇ ခုတက်ရောက်မည်ဖြစ်ပြီး ရုရှားကုမ္ပဏီ ၅၁ ခု ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားကုမ္ပဏီများသည် အစားအသောက်ထုတ်ကုန်များ၊ သစ်လုပ်ငန်းထုတ်ကုန်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများကို ပြသမည်ဖြစ်ကြောင်း၊ Harbin Fair တည်ရှိခဲ့သည့်ကာလအတွင်း ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ထူးခြားသောအားသာချက်များကို ဖန်တီးနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် မိတ်ဖက်ရှာဖွေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပမည့်ပြပွဲတွင် တရုတ်-ရုရှားစီးပွားရေးနှင့်ကုန်သွယ်မှုအခမ်းအနားအရေအတွက်သည် စီစဉ်ထားသည့်စုစုပေါင်းအခမ်းအနား အရေအတွက်၏လေးပုံတစ်ပုံရှိကြောင်း၊ တရုတ်-ရုရှားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ပြပွဲအတွင်းတွင် ပိုမိုကြီးမားသောအောင်မြင်မှုနှင့်ရလဒ်များရရှိမည်ဟု ယုံကြည်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အာဏာပိုင်များ၏အဆိုအရ ရုရှားတွင် ကျယ်ပြောလှသောနယ်မြေနှင့်စိုက်ပျိုးနိုင်သောမြေ၊ သဘာဝအရင်းအမြစ်များပေါကြွယ်ဝကြောင်း၊ စပါးနှင့်အစေ့အဆန်များ၊ မွေးမြူရေးထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ ပြုပြင်ထားသောအစားအစာများ စသည့်ကုန်ပစ္စည်းများသည် အရည်အသွေးမြင့်မားကြောင်း၊ ရုရှားအစားအစာထုတ်ကုန်များသည် ထူးခြားသောအားသာချက်များနှင့် ဂေဟစနစ်သန့်ရှင်းမှုကြောင့် ဟေလောင်ကျန်းပြည်နယ်ဈေးကွက်တွင် အသိအမှတ်ပြုခံထားရကြောင်း သိရှိရသည်။

ရုရှားနိုင်ငံမှ စားသောက်ကုန်ထုတ်ကုန်များ တင်သွင်းမှုပမာဏသည် အဆက်မပြတ်တိုးတက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ဟေလောင်ကျန်းပြည်နယ်နှင့် ရုရှားဒေသတို့၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၄.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယွမ်ငွေ ၄၉.၀၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇.၁၃ ဘီလီယံခန့်) ရှိကြောင်း  ဟာဘင်အကောက်ခွန် စီမံခန့်ခွဲရေးဌာန၏အချက်အလက်များအရ သိရှိရသည်။

၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အဓိကအကောက်ခွန်စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှုပမာဏသည် ၂၉.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၀.၂၇၁ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရသည်။

Harbin International Economic and Trade Fair ကို ၁၉၉၀ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်မှ စီးပွားရေးကိုယ်စားလှယ်များပါဝင်ခဲ့ကြပြီး အစဉ်အလာအရ ပြပွဲတွင် ရုရှားနိုင်ငံ၏ ဒေသအသီးသီးမှ ရုရှားကုမ္ပဏီများသည် ၎င်း၏ထုတ်ကုန်များကို ကျယ်ပြန့်စွာပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

Source :       https://ria.ru/20230605/kharbin-1876151499.html

                    https://ria.ru/20230605/kitay-1876152270.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

Category: Russia