Russia

ရုရှား၏နိုင်ငံခြားမိတ်ဖက်များသည် NSR လမ်းကြောင်းမှတစ်ဆင့် သင်္ဘောကုန်စည်ပို့ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိ

Last Updated:

မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်း(The Northern Sea Route-NSR)သည် အာရှမှ ဥရောပသို့ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အတိုဆုံးရေလမ်းကြောင်းဖြစ်ပြီး ရုရှားနိုင်ငံ၏ နိုင်ငံခြားမိတ်ဖက်များသည် အဆိုပါလမ်းကြောင်းတွင် ပူးပေါင်းဆောင်ရွက်ရန်စိတ်ဝင်စားလျက်ရှိကြောင်း၊ NSR လမ်းကြောင်းသည် နိုင်ငံ၏သယ်ယူပို့ဆောင်ရေးဆက်သွယ်မှုတိုးတက်ရေးတွင် အဓိကကျသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ လာမည့် ၁၃ နှစ်အတွင်း NSR လမ်းကြောင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရူဘယ် ၂ ထရီလီယံခန့်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ယင်းအနက် ၆၀၀ ဘီလီယံခန့်သည် အစိုးရ၏ဘတ်ဂျက်မှ ရရှိမည်ဖြစ်ကြောင်း “မြောက်ပိုင်းပင်လယ်လမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေး” မဟာဗျူဟာ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin ကပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်မှ အလေးပေးပြောကြားခဲ့သည့်အတိုင်း ၎င်းတို့၏နိုင်ငံခြားမိတ်ဖက်များသည် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးပိုမိုခိုင်မာစေရန် NSR လမ်းကြောင်းတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားကြကြောင်း၊ NSR လမ်းကြောင်းသည် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံမှ ဥရောပဆိပ်ကမ်းများသို့ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အတိုဆုံးရေလမ်းကြောင်းဖြစ်ကြောင်း၊ အထူးသဖြင့် အိန္ဒိယကုမ္ပဏီများသည် NSR စီမံကိန်းကို စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်လက်၍ NSR လမ်းကြောင်းသည် ရုရှားနိုင်ငံနှင့်အဝေးဆုံးနိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင် ရေခဲခွဲသင်္ဘော ၅၀ ကျော်၊ ဆိပ်ကမ်းများနှင့်ဂိတ်များ၊ အရေးပေါ်ကယ်ဆယ်ရေးဗဟိုဌာနများနှင့် ရာသီဥတုနှင့်ရေခဲစောင့်ကြည့်ရေးစနစ်များအပြင် မြောက်ပိုင်းပင်လယ်လမ်းကြောင်းတစ်လျှောက် အသွားအလာထိန်းချုပ်သည့်စနစ်များပါဝင်မည့် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းတို့ပါဝင်ကြောင်း၊ စီမံကိန်းများစွာကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Source :       https://tass.ru/ekonomika/17941821

https://tass.ru/ekonomika/17941997

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia