Singapore

ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာကို မလေးရှားစီးပွားရေးလုပ်ငန်းများ ဆက်လက်အသုံးပြုလို

Last Updated:

မလေးရှားနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများက အခြားငွေကြေးသုံးစွဲခြင်းထက် အမေရိကန်ဒေါ်လာသုံးစွဲမှုမှာ  ငွေကြေးပိုမိုတည်ငြိမ်ကြောင်း လက်ခံကြသည်ဖြစ်ရာ အမေရိကန်ဒေါ်လာကို ကုန်သွယ်မှုတွင် အားထားနေမှုကို လျှော့ချရန်ဟူသည့် မလေးရှားနိုင်ငံ၏ အဆိုပြုချက်မှာ အောင်မြင်နိုင်ချေနည်းကြောင်း လေ့လာသုံးသပ်သူက ပြောကြားခဲ့ပါသည်။ အဆိုပါအဆိုပြုချက်မှာ ဝန်ကြီးချုပ် Anwar Ibrahim ၏မတ်လကုန်တွင် တရုတ်နိုင်ငံသို့ တရားဝင်သွားရောက်ခဲ့သည့်ခရီးစဉ်ပြီးနောက် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် အမေရိကန်ဒေါ်လာအပေါ် အားထားမှုကို လျှော့ချရန် အားထုတ်လာကြသည့်နိုင်ငံများနှင့် အလားတူအားထုတ်မှုတစ်ခုဖြစ်ပါသည်။

မလေးရှားနိုင်ငံ၏ နှစ်စဉ်ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်၊ ၂၀၂၂ ခုနှစ်တွင် ရင်းဂစ် ၂.၈ ထရီလီယံမှာ အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ဖော်ပြခံရပါသည်။ အမေရိကန်နိုင်ငံသည် မလေးရှားနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မလေးရှားရင်းဂစ် ၂၆၇.၅ ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှု၏ ၉.၄ ရာခိုင်နှုန်းရှိပါသည်။ မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မလေးရှားနိုင်ငံ ကုန်သွယ်မှုစုစုပေါင်း၏ ၁၇.၁ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံမှာ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုပမာဏ မလေးရှားရင်းဂစ် ၃၆၈.၂ ဘီလီယံရှိပါသည်။ မလေးရှားနိုင်ငံ၏ စားအုန်းဆီကို အဓိကတင်သွင်းသည့် အိန္ဒိယနိုင်ငံမှာ ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလီယံ(စင်ကာပူဒေါ်လာ ၂၅.၉ ဘီလီယံ) ရှိပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှစ၍ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ရူပီးငွေကို အသုံးပြုရန်ဆောင်ရွက်နိုင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သည့် Bank Negara သည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် ယွမ်ငွေအသုံးပြုရန် အဆိုပြုထားဆဲဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ယွမ် သို့မဟုတ် ရူပီးစသည့် ငွေကြေးများသုံးစွဲ၍ ကုန်သွယ်ရန်အဆင်သင့်ဖြစ်ပါက မလေးရှားနိုင်ငံ၏ အမေရိကန်ဒေါ်လာဖြင့် ငွေတောင်းခံမှုအချိုးမှာ ၅ ပုံ ၁ ပုံအထိ ကျဆင်းသွားနိုင်ကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် ကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေး သို့မဟုတ် အမေရိကန်ဒေါ်လာမဟုတ်သည့် ငွေကြေးကို သုံးစွဲလျှင် မလေးရှားနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာဖြင့် ကုန်သွယ်မှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း Maybank ၏ Chief Forex Strategist ဖြစ်သူ Saktiandi Supaat က ပြောကြားခဲ့ပါသည်။

ဆီအုန်း၊ စက်သုံးဆီ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းစသည့် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများသည် အမေရိကန်ဒေါ်လာသုံးစွဲမှုလျှော့ချမှုကို ထောက်ခံရန် တုံ့ဆိုင်းလျက်ရှိပါသည်။ မလေးရှားနိုင်ငံ၏ အကြီးဆုံးဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sime Darby Plantation က ၎င်း၏ ဝယ်သူများအနေဖြင့် ကုန်စည်များကို အမေရိကန်ဒေါ်လာဖြင့် ကုန်သွယ်မှုအများဆုံးပြုလုပ်ကြသည်ဖြစ်ရာ ဆီအုန်းထုတ်ကုန်များကို ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေမှုကို ပိုမိုလိုလားကြောင်း၊ ကုမ္ပဏီအနေဖြင့် စားအုန်းဆီကို ကုန်သွယ်ရာတွင် အခြားငွေကြေးသုံးစွဲနိုင်ရန် အခြားနိုင်ငံများနှင့် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှား Semiconductor Industry Association ၏ဥက္ကဋ္ဌဖြစ်သူ Wong Siew Hai က လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများကလည်း အမေရိကန်ဒေါ်လာသုံးစွဲမှုလျှော့ချခြင်းကို လိုလားခြင်းမရှိကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် Mr. Tahir Bukhary က OPEC နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက ရေနံစိမ်းကို အခြားသောငွေကြေးဖြင့် ရောင်းချရန် ဆုံးဖြတ်မည့်အချိန်အထိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရေနံစိမ်းရောင်းဝယ်ရာတွင် အမေရိကန်ဒေါ်လာကို သုံးစွဲရန် ပိုမိုလိုလားကြကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှားစားအုန်းဆီစီးပွားရေးလုပ်ငန်းအနေဖြင့် အိန္ဒိယရူပီး - ရင်းဂစ်ငွေလဲနှုန်းကို အသုံးပြုပါက နိုင်ငံခြားငွေလဲလှယ်နှုန်းဆုံးရှုံးမှုဖြစ်နိုင်ပြီး ကုမ္ပဏီ၏ဝင်ငွေအပေါ် သက်ရောက်နိုင်ကြောင်း၊ အမေရိကန်ဒေါ်လာကို သုံးစွဲပါက ငွေကြေးမှာ ပိုမိုတည်ငြိမ်သည်ဟု မှတ်ယူထားရာ အစိုးရက အမေရိကန်ဒေါ်လာသုံးစွဲမှုကို လျှော့ချရေးအတွက် ဆွဲဆောင်မှုတစ်ခုခုကို ပြုလုပ်ပေးစေကာမူ မလေးရှားစီးပွားရေးလုပ်ငန်းများက အခြားငွေကြေးသုံးစွဲရန် မလိုလားကြကြောင်း CGS – CIMB Research မှ Regional Head of Plantations Research ဖြစ်သူ Ms. Iny Ng က ပြောကြားခဲ့ပါသည်။

အမေရိကန်ဒေါ်လာသုံးစွဲမှုကို‌ လျှော့ချရန်အတွက် အခက်အခဲတစ်ခုမှာ အမေရိကန်ဒေါ်လာကဲ့သို့ တည်ငြိမ်ပြီး ငွေလဲလှယ်လွယ်သည့် အခြားငွေကြေးတစ်ခုကို ရှာဖွေရန်ဖြစ်ကြောင်း လေ့လာသုံးသပ်သူက ပြောကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် နိုင်ငံများရှိ ဗဟိုဘဏ်များသည် ၎င်းတို့၏ ပြည်ပငွေကြေးအရန်ငွေ ၅၈ ရာခိုင်နှုန်းကျော်ကို အမေရိကန်ဒေါ်လာဖြင့် ထားရှိပြီး ယွမ်ငွေနှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းလျော့နည်းပါသည်။

သတင်းရင်းမြစ်။          ။ The Straits Times

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

Category: Singapore