India (Kolkata)

၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသမှ အိန္ဒိယသို့ ရေနံစိမ်းတင်ပို့မှု တစ်ရက်လျှင် ၁ ဒဿမ ၂၁ စည် လျော့ကျ

Last Updated:

အရှေ့အလယ်ပိုင်းဒေသမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုသည် ၂၀၂၂ ခုနှစ် မတ်လက နိုင်ငံ၏ စုစုပေါင်းတင်သွင်းမှု၏ ၆၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဧပြီလတွင် ၄၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ဖော်ပြသည်။ ၎င်းမှာ ၁ လအတွင်း ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ အီရတ်၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ယူအေအီးနိုင်ငံတို့သည် အိန္ဒိယနိုင်ငံသို့ အဓိကရေနံစိမ်းတင်ပို့လျက်ရှိသောနိုင်ငံများဖြစ်ကြပြီး၊ အိန္ဒိယအနေဖြင့် ရုရှားနိုင်ငံမှ ဈေးသက်သက်သာသာဖြင့်ဝယ်ယူရရှိသော ရေနံစိမ်းများကို ပိုမိုတင်သွင်းလာသည့်အတွက်ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အိန္ဒိယ၏ နဂိုမူလဖေါက်သည်ဟောင်းများနှင့်အပြိုင် အိန္ဒိယရေနံစိမ်းဈေးကွက်အား ထိုးဖေါက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး၊ ကမ္ဘာ့တတိယအကြီးဆုံး ရေနံစိမ်းသုံးစွဲသောနိုင်ငံနှင့်  ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး ရေနံသန့်စင်သည့်နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိလာလျက်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

အိန္ဒိယနိုင်ငံ စီးပွားရေးဝန်ကြီးဌာနမှရရှိသော အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုပမာဏသည် စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၅၈ ဒဿမ ၁၆ စည်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၈ ဒဿမ ၃ ဘီလီယံရှိကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ်က ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုသည် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၁ ဒဿမ ၅ ရာခိုင်နှုန်း သို့မဟုတ် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအောက်တွင်ရှိခဲ့ရာမှ ဆက်လက်၍ ဘဏ္ဍာနှစ် နှစ်နှစ်ဆက်တိုက် သိသိသာသာတိုးတက်လာခဲ့ကြောင်း သိရသည်။ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စုစုပေါင်း ရေနံစိမ်းတင်သွင်းမှုတန်ဖိုး ၁၂၀ ဒဿမ ၇ ဘီလီယံတွင် ရုရှား၏တင်သွင်းမှုတန်ဖိုးမှာ ၂ ဒဿမ ၄၇ ဘီလီယံခန့်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင်မူ ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဒဿမ ၀၂ ဘီလီယံထိတိုးတက်လာခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၏ စုစုပေါင်း ရေနံစိမ်းတင်သွင်းမှုတန်ဖိုး၏ ၁၉ ဒဿမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်ဟု ဖော်ပြထားသည်။

ဇစ်မြစ်။ The Hindu Businessline

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)