India (Kolkata)

ကော်လ်ကတ္တားဆိပ်ကမ်းမှ စစ်တွေဆိပ်ကမ်းသို့ အိန္ဒိယကုန်တင်သင်္ဘော ပထမဆုံးပြေးဆွဲခြင်း အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

Last Updated:

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိလပ်မြေများတင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကော်လ်ကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံစစ်တွေဆိပ်ကမ်းသို့ ပထမဆုံးခရီးစဉ်ပြေးဆွဲခြင်းအထိမ်းအမှတ်အခမ်းအနားကို ၄-၅-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်း၌ ကော်လ်ကတ္တားမြို့၊ Netaji Subhas Dock တွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးတင်မိုး တက်ရောက်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  Shri Shantanu Thakur ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့နှင့် Syama Prasad Mookerjee ဆိပ်ကမ်းတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

          အဆိုပါအိန္ဒိယကုန်တင်သင်္ဘောသည် မက်ထရစ်တန် ၁ ထောင်အလေးချိန်ရှိသော ဘိလပ်မြေအိတ် ၂၀,၀၀၀ ကိုတင်ဆောင်၍ မြန်မာနိုင်ငံ၊ စစ်တွေမြို့ဆိပ်ကမ်းသို့ ယခုလ ၉ ရက်နေ့တွင် ဆိုက်ရောက်မည်ဖြစ်သည်။ စစ်တွေဆိပ်ကမ်းတွင် အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့ဝင်ဝန်ကြီး Sarbanand Sonowal နှင့်တာဝန်ရှိသူတို့က အဆိုပါသင်္ဘောအား ကြိုဆိုလက်ခံသွားမည်ဖြစ်သည်။

          ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအား အပြည့်အဝအကောင်အထည်ဖေါ်ဆောင်ရွက်ပြီးစီးပါက စစ်တွေဆိပ်ကမ်းအပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ-မီဇိုရမ်ကားလမ်းများမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အိန္ဒိယအရှေ့မြောက်ကုန်းတွင်းပိတ်ဒေသများသို့ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သည်။ အဆိုပါဒေသများအတွက် လိုအပ်သည့်ကုန်ပစ္စည်းများကို စစ်တွေမြို့မှတစ်ဆင့် ပလက်ဝမြို့ကိုဖြတ်၍ ရေလမ်း/ကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကာ အမေရိကန်ဒေါ်လာသန်း(၅၀၀)နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါသည်။ အဆိုပါစီမံကိန်းကြောင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြားနှင့် ပိုမိုကျယ်ပြန့်သောဒေသတို့အကြား ကုန်သွယ်စီးပွားပိုမိုတိုးတက်ကောင်းမွန်လာစေမည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

https://www.gktoday.in/mv-itt-lion-v-273/

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)