Singapore

Temasek ကုမ္ပဏီက အိန္ဒိယ လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းတွင် စင်ကာပူဒေါ်လာ ၁၃၃ သန်း ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေ

Last Updated:

စင်ကာပူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် Temasek ကုမ္ပဏီက အိန္ဒိယလက်ဝတ်ရတနာရောင်းချသည့် Bluestone Cooperation Pte Ltd (Bluestone) တွင် အမေရိကန်ဒေါ်လာ ၁၀၀ သန်း (စင်ကာပူဒေါ်လာ ၁၃၃ သန်း) ရင်းနှီးမြှုပ်နှံရန် စဉ်းစားလျက်ရှိပါသည်။

Bluestone Cooperation သည် အကျိုးတူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် Accel နှင့် အိန္ဒိယလုပ်ငန်းရှင် Mr. Ratan Tara တို့၏ကျောထောက်နောက်ခံရှိပြီး Temasek ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုသည် Bluestone အတွက် အမေရိကန်ဒေါ်လာ ၅၀၀ သန်းနီးပါး တန်ဖိုးတက်လာနိုင်ကြောင်း အမည်မဖော်လိုသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ် - ၁၉ ကပ်ရောဂါပြီးနောက် လက်ဝတ်ရတနာဝယ်လိုအားမှာ တရိပ်ရိပ်တက်လာသည်ဖြစ်ရာ Bluestone သည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံးလက်ဝတ်ရတနာဝယ်ယူသည့်နိုင်ငံဖြစ်ရန် ရည်မှန်းထားပါသည်။ ရင်းနှီးမြှုပ်နှံမည့် နှစ်ဖက်သဘောတူညီမှုသည် အိန္ဒိယနိုင်ငံတွင် လက်ဝတ်ရတနာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်မည့် Bluestone ၏ အစီအစဉ်ကို ကောင်းစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

Bluestone သည် ၂၀၂၄ ခုနှစ်တွင် လက်ဝတ်ရတနာအရောင်းဆိုင်ပေါင်း ၃၀၀ ကို ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်းကို ယခင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုအချိန်တွင် ၎င်းကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်အရ အရောင်းဆိုင်ပေါင်း ၁၅၀ ကျော်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် လက်ဝတ်ရတနာ အရောင်းဆိုင်ငယ်များ၊ ဆိုင်ကြီးများ၊ Titan Company နှင့် Kalyan Jewellers တို့ရှိသည့် လက်ဝတ်ရတနာဈေးကွက်တွင် ရောင်းဝယ်လျက်ရှိပါသည်။ Bluestone နှင့် CaraLane တို့မှာ သမားရိုးကျလက်ဝတ်ရတနာအရောင်းဆိုင်များနှင့်မတူညီဘဲ အွန်လိုင်းမှတစ်ဆင့် လက်ဝတ်ရတနာများကို ရောင်းချခြင်းဖြစ်ပါသည်။ Temasek ကုမ္ပဏီအနေဖြင့် တရားမမှု၊ ရာဇဝတ်မှုများကျူးလွန်ခြင်းမရှိစေရေး လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး နှစ်ဖက်ညှိနှိုင်းမှုအောင်မြင်ပါက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုရန် သဘောတူညီမှု ရနိုင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါသည်။

Temasek ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၆ နှစ်မှစ၍ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံတွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရှိပြီး ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ရင်းနှီးမြှုပ်နှံမှု၏ ၅ ရာခိုင်နှုန်းကျော်၊ အမေရိကန်ဒေါ်လာ ၂၉၇ ဘီလီယံရှိကြောင်း အိန္ဒိယနိုင်ငံအခြေစိုက်ရုံးမှ ခေါင်းဆောင် Mr. Ravi Lambah က The Economic Times ကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပြောကြားခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆.၄ ဘီလီယံရှိပြီး အဓိကတင်ပို့သည့် ကုန်စည်မှာ ရွှေ(အမေရိကန်‌ဒေါ်လာ ၁.၄၂ ဘီလီယံ)ဖြစ်ပါ သည်။ အလားတူနှစ်တွင် အိန္ဒိယနိုင်ငံ၏ စင်ကာပူနိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉.၅၂ ဘီလီယံရှိပြီး အဓိကတင်ပို့သည့်ကုန်စည်မှာ သန့်စင်ပြီး ရေနံ၊ လက်ဝတ်ရတနာနှင့် အထူးပြုလုပ်ထားသည့် သင်္ဘောများဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ရွှေထည်လက်ဝတ်ရတနာသုံးစွဲသည့်နိုင်ငံဖြစ်ပြီး ရွှေထည်လက်ဝတ်ရတနာတင်ပို့မှုမှာလည်း ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇.၆ ဘီလီယံမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်း အမေရိကန်နိုင်ငံသည် အိန္ဒိယရွှေထည်လက်ဝတ်ရတနာတင်ပို့သူများ၏ အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း၊ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် ရွှေထည်လက်ဝတ်ရတနာများကို အခွန်ပိုမိုကောက်ခံခြင်းသည် အိန္ဒိယနိုင်ငံအတွက် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာကြောင်း World Gold Council က ဖော်ပြထားပါ သည်။

နှစ်နိုင်ငံအနေဖြင့် ရွှေနှင့် လက်ဝတ်ရတနာ ကုန်သွယ်မှုရှိသည်ကို တွေ့ရပြီး အိန္ဒိယနိုင်ငံ၏ ရွှေထည်လက်ဝတ်ရတနာတင်ပို့မှုမှာ အလားအလာကောင်းများရှိနေသည်ဖြစ်ရာ Temasek ကုမ္ပဏီက Bluestone တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပါက အိန္ဒိယနိုင်ငံ၏ လက်ဝတ်ရတနာကဏ္ဍမှာ ယခင်ကထက် ပိုမိုအောင်မြင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။

သတင်းရင်းမြစ်။          ။ The Straits Times

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

Category: Singapore