Singapore

စီးပွားရေးအဆောက်အအုံများ ငှားရမ်းခနှုန်းထားနှင့်စပ်လျဉ်း၍ မေးမြန်းချက်အပေါ် ဖြေကြားချက်

Last Updated:

စီးပွားရေးအဆောက်အအုံငှားရမ်းခမြင့်တက်လာမှုသည် စီးပွားရေးအရ ရွေးချယ်ရာနေရာတစ်ခုအဖြစ် စင်ကာပူနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆွဲဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိ မရှိနှင့် ငှားရမ်းခအသင့်အတင့်ဖြင့် အဆောက်အအုံများ များပြားလာစေရန် ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Mr. Low Yen Ling ကို လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ Mr. Low Yen Ling က တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လျက်ရှိပြီး ငှားရမ်းခနှုန်းထားပါဝင်နေသည့် စီးပွားရေးလုပ်ရန် ကုန်ကျစရိတ်မှာလည်း မြင့်တက်လျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် ရုံးခန်းနေရာအတွက် ငှားရမ်းခအညွှန်းကိန်းမှာ လွန်ခဲ့သည့် ၃ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှအားဖြင့် ၁.၃၅ ရာခိုင်နှုန်း တက်လာကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလကထက် ရုံးခန်းနေရာငှားရမ်းခမှာ ပိုမိုမြင့်တက်လာသော်လည်း ၂၀၀၈ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ငှားရမ်းခနှုန်းထားအမြင့်ဆုံးဖြစ်ခဲ့သည့်အခြေအနေထက် လျော့နည်းနေသေးကြောင်း၊ အလားတူကာလတွင် ရုံးခန်းနေရာ အလွတ်နှုန်းမှာ တည်ငြိမ်မှုရှိနေပြီး ၁၁ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းနီးပါးရှိကြောင်း ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးခန်းနေရာပေါင်း ၅၃၀၀၀၀ စတုရန်းမီတာကျော်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းအရေအတွက်မှာ လွန်ခဲ့သည့် ၃နှစ်နှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း ပိုများကြောင်း၊ ရုံးခန်းနေရာလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ငှားရမ်းခအသင့်အတင့်ဖြင့် ငှားရမ်းနိုင်မည့်နေရာများ ပိုမိုများပြားလာစေမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် လုပ်ငန်းကဏ္ဍအများစုအတွက် နေရာငှားရမ်းခသည် လုပ်ငန်း၏ စုစုပေါင်းကုန်ကျစရိတ်တွင် အသင့်အတင့်အချိုးဖြင့် ပါဝင်နေကြောင်း၊ အစိုးရအနေဖြင့် ဈေးကွက်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး စီးပွားရေးအရ ရွေးချယ်ရာနေရာတစ်ခုအဖြစ် စင်ကာပူနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆွဲဆောင်နိုင်စွမ်းကို ပိုမိုသေချာမှုရှိစေရေး ကတိပြုပါကြောင်း ဖြေကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်ဆဲအဆောက်အဦးများ၊ တည်ဆောက်ရန်မြေနေရာရှင်းလင်းနေသည့်စီမံကိန်းများကို အများအပြားတွေ့ရှိရပါသည်။ အဆိုပါအဆောက်အဦးများတွင် လူနေထိုင်ရန်အခန်းများအပါအဝင် ဈေးဝယ်စင်တာများ၊ ရုံးခန်းအတွက်နေရာများပါဝင်သည်ကို တွေ့ရပါသည်။ အဆိုပါအဆောက်အဦးများပြီးစီးပါက ငှားရမ်းနိုင်မည့် ရုံးခန်းနေရာပိုမိုများပြားလာမည်ဖြစ်ပြီး အသင့်အတင့်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စင်ကာပူနိုင်ငံအနေဖြင့် ဒေသတွင်း၌ ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

သတင်းရင်းမြစ်။          ။ Ministry of Trade and Industry, Singapore

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore