Singapore

ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်အတွက် စင်ကာပူဒေါ်လာ ၁ သန်းသတ်မှတ်ချက်ကို စင်ကာပူအစိုးရအနေဖြင့် ပြောင်းလဲရန် ရှိမရှိနှင့် အဆိုပါမူဝါဒကို ပြောင်းလဲရန်စဉ်းစားမည့်အခြေအနေကို လွှတ်တော်တွင် မေးမြန်းချက်အပေါ် ဖြေကြားချက်

Last Updated:

ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအခွန်(Goods or Services Tax - GST)အတွက် စင်ကာပူဒေါ်လာ ၁ သန်းသတ်မှတ်ချက်ကို စင်ကာပူအစိုးရအနေဖြင့် ပြောင်းလဲရန် ရှိမရှိနှင့် အဆိုပါမူဝါဒကို ပြောင်းလဲရန်စဉ်းစားမည့်အခြေအနေကို လွှတ်တော်တွင် စင်ကာပူဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Lawrence Wong ကို မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ Mr. Lawrence က လက်ရှိကုန်စည်နှင့်ဝန်ဆောင်မှုအခွန်မှတ်ပုံတင်ရန် သတ်မှတ်ချက်ဖြစ်သည့် စင်ကာပူဒေါ်လာ ၁ သန်းမှာ အဆိုပါအခွန်စနစ်ကို စတင်မိတ်ဆက်ခဲ့သည့် ၁၉၉၄ ခုနှစ်ကတည်းမှ သတ်မှတ်ချက်ဖြစ်ကြောင်း၊  အထူးကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် ကင်းလွတ်ခွင့်အနည်းငယ်ဖြင့် တစ်ခုတည်းသော အခွန်စနစ်ကိုကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်ရန်သတ်မှတ်ထားသည့်ပမာဏမှာ စင်ကာပူဒေါ်လာ ၁ သန်းဖြစ်သော်လည်း လက်ပွေ့ရောင်းသူများ၊ လက်လီဆိုင်များစသည့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် သက်သာခွင့်များရှိကြောင်း၊ GST ငွေစာရင်းအမှတ်နှင့် အခွန်ကောက်ခံရန်လိုအပ်ချက်များကို လိုက်နာရာတွင် ကုန်ကျစရိတ်များရှိသည်ဖြစ်ရာ ၎င်းလုပ်ငန်းလေးများအတွက် GST ကောက်ခံရန် ခက်ခဲကြောင်း၊ အဆိုပါကုန်ကျစရိတ်သည် ဝယ်ယူသုံးစွဲသူများက ၎င်းတို့ နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူရာတွင် သက်ရောက်မှုရှိသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ မှတ်ပုံတင်ရန် သတ်မှတ်ပမာဏအောက်ရှိသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဆန္ဒအလျောက် GST ကို မှတ်ပုံတင်နိုင်ကြောင်း၊ မှတ်ပုံတင်ရန် သတ်မှတ်ပမာဏအောက်ရှိသည့် လုပ်ငန်းများဖြစ်သော်လည်း ယနေ့အထိ GST အသစ်မှတ်ပုံတင်သည့်လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်း မှာ ဆန္ဒအလျောက်မှတ်ပုံတင်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကို ဆန္ဒအလျောက်မှတ်ပုံတင်ရန် ခွင့်ပြုထားသည့်အတွက် စင်ကာပူဒေါ်လာ ၁ သန်းသတ်မှတ်ချက်မှာ GST စနစ်ကို လိုက်နာကျင့်သုံးရန်အတွက် အတားအဆီးကို လျော့နည်းစေကြောင်း၊ မူဝါဒများကို ပုံမှန်ပြန်လည်သုံးသပ်ရာတွင် အဆိုပါသတ်မှတ်ချက်ထားရှိမှုနှင့်စပ်လျဉ်း၍ သင့်လျော်မှုရှိမရှိ ဆက်လက်ဆန်းစစ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

သတင်းရင်းမြစ်။          ။ Ministry of Finance, Singapore

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore