India (Kolkata)

အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ကျင်းပပြုလုပ်သော BIMSTEC BUSINESS CONCLAVE သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂုဏ်ထူးဆောင်ဧည့်သည်‌တော်အဖြစ် တက်ရောက်အမှာစကားပြောကြား

Last Updated:

အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း(Indian Chamber of Commerce-ICC)၏ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၃ ရက်နေ့က အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းစတက်စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ(BIMSTEC Business Conclave)သို့ ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၏ဖွင့်ပွဲအခမ်းအနားကို ဒေသစံ‌တော်ချိန် နံနက်(၁၀ : ၁၅)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့်ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှုပိုမိုမြှင့်တင်ရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်နိုင်မည့် အလားအလာရှိသောကုန်ပစ္စည်းများရှာဖွေရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ယုံကြည်မှု တည်ဆောက်ရန်တို့အတွက် စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းများသို့ (B 2 B) ထိတွေ့ဆက်ဆံမှုများကို အားပေးသွားရန်၊ မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ခရီးသွားလုပ်ငန်းများပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်‌‌ရေးစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ထို့အပြင် ဘင်းစတက်နိုင်ငံများအကြား လမ်းပန်းဆက်သွယ်မှု၊ ဘဏ္ဍာရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်မှုနှင့် ပြည်သူများအချင်းချင်းထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရေးတို့ကိုပါ အကြံပြုဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဘင်းစတက်နိုင်ငံများမှ ထုတ်ကုန်များကို ခင်းကျင်းပြသထားရာ ပြခန်းများနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ခင်းကျင်းပြသထားသောပြခန်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)