Japan

ဂျပန်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ဖြေလျှော့မှုများကြောင့် နိုင်ငံ့စီးပွားရေးကို ယန်း ၄.၂ ထရီလီယံတိုးတက်စေမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါကို ရာသီတုပ်ကွေးနှင့်တစ်တန်းတည်းအဖြစ် အမျိုးအစားသတ်မှတ်လျှော့ချပေး ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးကို ယန်း ၄.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ) တိုးတက်စေနိုင်ကြောင်း ပုဂ္ဂလိကစီးပွားရေးပညာရှင်များက ခန့်မှန်းထားပါသည်။ အဆိုပါယန်း ၄.၂ ထရီလီယံအနက် ထက်ဝက်ကျော်ဖြစ်သည့် ယန်း ၂.၆ ထရီလီယံမှာ ပြည်တွင်း ခရီးသွားလာမှုပြန်လည်အားကောင်းခြင်းမှ ရရှိနိုင်မည်ဖြစ်ကြောင်း Dai-ichi Life Research Institute မှ Executive Chief Economist ဖြစ်သူ Hideo Kumano မှ ပြောကြားထားပါ သည်။

အစိုးရ၏ ကိုဗစ်-၁၉ ဆိုင်ရာ ဖြေလျှော့ပေးသည့်စည်းမျဉ်းအသစ်များအရ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားကြောင်း စမ်းသပ်တွေ့ရှိရပါက အိမ်တွင်နေထိုင်ခြင်း (သို့မဟုတ်) ဆေးရုံတက်ခြင်းကို ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အစိုးရအနေဖြင့် ရောဂါဖြစ်ပွားသူများအား ပြင်ပထွက်ခွာခြင်းကိုရှောင်ရှားပြီး အိမ်တွင် ၅ ရက်နေထိုင်ရန်အကြံပြုထားပါကြောင်း၊ ရောဂါဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း အိမ်တွင် နေထိုင်ရန် စည်းကမ်းချက်ဖြေလျှော့ပေးပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏ ကိုဗစ်-၁၉ ဆိုင်ရာဖြေလျှော့ပေးသည့်စည်းမျဉ်းအသစ်များအရ လုပ်ငန်းခွင်နှင့် လုပ်သားများ ပိုမိုနီးကပ်လာစေမည်ဖြစ်သည့်အတွက် ထုတ်လုပ်မှုတိုးတက်ခြင်းကြောင့် ယန်း ၁.၁ ထရီလီယံပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ဖြေလျှော့မှုများကြောင့် စည်းကမ်းချက်အရ အိမ်တွင်နေထိုင်ရမည့်သူ လျော့နည်းလာမည်ဖြစ်သဖြင့် ပြင်ပထွက်၍ ခရီးသွားခြင်း၊ စားသောက်ဆိုင်တွင် ဝယ်ယူစားသုံးခြင်း ဖြင့် ဂျပန်နိုင်ငံ၏ စီးပွားရေးကို ပြန်လည်အားကောင်းလာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းခြင်းကြောင့် ပြည်ပမှ လာရောက်လည်ပတ်မည့်သူများအနေဖြင့်လည်း ယခင်ကထက် ပိုမို၍ ဈေးနှုန်းသက်သာစွာ ခရီးသွားနိုင်ခြင်းနှင့် ကုန်ပစ္စည်းများကို ပိုမို၍ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်သဖြင့် ပြည်ပခရီးသွားများ၏ သုံးစွဲမှုပမာဏမှာလည်း တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ခရီးသွားတစ်ဦးချင်းစီ၏ သုံစွဲမှုနှုန်းမှာ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလနှင့်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။

ပြီးခဲ့သည့်လများအတွင်း ဂျပန်နိုင်ငံ၏ ကုန်စည်ဈေးနှုန်းမှာ မြင့်တက်ခဲ့သော်လည်း အမေရိကန်နှင့်အခြားသောဖွံ့ဖြိုးပြီးနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်းမှာ လျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်အားကောင်းလာစေရန်အတွက် ပုဂ္ဂလိက၏ သုံးစွဲမှုနှုန်းကို သိသိသာသာမြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း SMBC Nikko Securities မှ စီးပွားရေးပညာရှင်က ပြောကြားထားပါသည်။

Source : The Japan Times (9-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

 

Category: Japan