Japan

ဗြိတိန်အခြေစိုက် Actis ကုမ္ပဏီအနေဖြင့် ဂျပန်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်

Last Updated:

ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Actis ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံ၍ Nozomi Energy အမည်ဖြင့် ဂျပန်နိုင်ငံတွင် လေနှင့်နေစွမ်းအင်အသုံးပြု၍ ၁.၁ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားကို ၂၀၂၇ ခုနှစ်တွင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Actis အနေဖြင့် ဂျပန်နိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစ၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် Hergo Japan Energy မှလုပ်ငန်းများကို ၁၀၀ ရာခိုင်နှုန်း လွှဲပြောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၃၀ ပြည့်နှစ်တွင် ၂၀၁၃ ခုနှစ်က ရှိခဲ့သည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု၏ ၄၆ ရာခိုင်နှုန်းလျှော့ချနိုင်ရေး ဂျပန်နိုင်ငံ၏ရည်မှန်းဆောင်ရွက်မှုကို Actis အနေဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

Actis အနေဖြင့် နေနှင့်လေစွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ Actis Impact Score ကိုအသုံးပြု၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု၏ ရလဒ်များအပေါ် တိုင်းတာအကဲဖြတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Actis Japan ၏အကြီးအကဲဖြစ်သူ Jun Ohashi က ဂျပန်နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် Nozomi အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ယခုစီမံချက်ကတစ်ဆင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာဗွန်လျှော့ချနိုင်ရေးအပြင် ပြည်တွင်းအလုပ်အကိုင်များဖန်တီးပေးပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အကျိုးအမြတ်များဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သည့်အချက်အလက်များအရ ဂျပန်နိုင်ငံသည် ၂၀၅၀ ခုနှစ်တွင် ကာဗွန်ကင်းစင်သည့်နိုင်ငံဖြစ်စေရေးဆောင်ရွက်သွားရန် ကတိကဝတ်ပြုထားသည့်နိုင်ငံပေါင်း ၁၃၆ နိုင်ငံတွင် အပါအဝင် ဖြစ်ပါသည်။

Source: Deal Street Asia (Nikkei Asia Group), Environment and Energy Leader News (10-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: Japan