Japan

ဂျပန်နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာသော်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်

Last Updated:

ဂျပန်နိုင်ငံတွင် ပြည်ပခရီးသွားများကို ပြန်လည်ဝင်ရောက်ခွင့်ပေးခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍမှာ ပြန်လည်ကောင်းမွန်လာလျက်ရှိပါသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း ပြည်ပဧည့်သည်အများဆုံးဝင်ရောက်နိုင်သည့်အရေအတွက်သတ်မှတ်ချက်ကို ဖြေလျှော့ခဲ့ပြီး ပြည်ပမှ တစ်ဦးချင်းဝင်ရောက်မှုကန့်သတ်ချက်ကိုလည်း ဖြေလျှော့ခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် မတ်လတွင် နှာခေါင်းစီးမဖြစ်မနေတပ်ဆင်ရမည့်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့်ပင် ၂၀၂၃ ခုနှစ် မတ်လတွင် ဧည့်သည် ၂ သန်းနီးပါးဝင်ရောက်ခဲ့ပြီး၊ အဆိုပါအရေအတွက်မှာ ၂၀၁၉ ခုနှစ် မတ်လတွင် ဝင်ရောက်ခဲ့သည့် ဧည့်သည်အရေအတွက်၏ သုံးပုံနှစ်ပုံနီးပါးဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် မတ်လနှင့်နှိုင်းယှဉ်ပါက ၂၇.၅ ဆ ပိုမိုများပြားခဲ့ခြင်း ဖြစ်ပါသည်။

မတ်လတွင် ဂျပန်နိုင်ငံသို့ အများဆုံးဝင်ရောက်ခဲ့သည့်နိုင်ငံ/ဒေသများမှာ ကိုရီးယားသမ္မတနိုင်ငံ(၄၆၆,၈၀၀)၊ ထိုင်ဝမ်(၂၇၈,၉၀၀)၊ အမေရိကန်နိုင်ငံ(၂၀၃,၀၀၀)၊ ဟောင်ကောင်(၁၄၄,၉၀၀)တို့ဖြစ်ကြပါသည်။ ဂျပန်နိုင်ငံသို့ တရုတ်နိုင်ငံမှ ဧည့်သည်ဝင်ရောက်မှုဆိုင်ရာ ကန့်သတ်ချက်များကို မတ်လ ၁ ရက်နေ့တွင် ဖြေလျှော့ခဲ့ပြီးနောက် နိုင်ငံအတွင်း တရုတ်နိုင်ငံမှလာရောက်ခဲ့သည့်ဧည့်သည်အရေအတွက်မှာ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၂ ဆမြင့်တက်ခဲ့ပြီး ၇၅,၀၀၀ သို့ရောက်ရှိခဲ့ပါသည်။

Nomura Research Institute က အကြီးတန်းစီးပွားရေးပညာရှင် Takahide Kiuchi က ၂၀၂၃ ခုနှစ်တွင် ပြည်ပဧည့်သည်လာရောက်မှုမှ ဂျပန်ယန်း ၄,၉၅၈ ဘီလီယံ(အမေရိကန် ဒေါ်လာ ၃၆.၇ ဘီလီယံ) ရရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ပြည်ပခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့်ရရှိသည့်ဝင်ငွေဖြင့် နိုင်ငံ့စီးပွားရေးပြန်လည်အားကောင်းအောင်ဆောင်ရွက်နေသော်လည်း ဧည့်သည်အရေအတွက်ဝင်ရောက်မှု များပြားလာမှုအပေါ် အလျဉ်မီအောင် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် စိန်ခေါ်မှုများကြုံတွေ့လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Teikoku Databank က ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည့် စစ်တမ်းများအရ ၈၁.၈ ရာခိုင်နှုန်းသော တည်းခိုခန်း၊ ဟိုတယ်များနှင့် ၈၀.၄ ရာခိုင်နှုန်းသော စားသောက်ဆိုင်များတွင် အချိန်ပိုင်းလုပ်သားပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် လုပ်သားပြတ်လပ်မှုကိုကျော်လွှားနိုင်ရေး ပြည်ပလုပ်သားများကို ခေါ်ယူခဲ့ကြောင်း၊ ပြည်ပကျောင်းသားများအနေဖြင့် ဂျပန်နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်မှုမှာ ၄၀ ရာခိုင်နှုန်းနီးပါးရှိပါကြောင်း၊ လုပ်သားနည်းပါးလာမှုကို ကျော်လွှားနိုင်ရန်အတွက် အချို့သောလုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်စနစ်ကိုအသုံးပြု၍ ဟိုတယ်လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ဟိုတယ် ၄၅ လုံး လည်ပတ်ဆောင်ရွက်နေသည့် Tokyu Hotel အနေဖြင့် ၎င်း၏ ဟိုတယ် ၃၉ လုံးတွင် NEC’s Smart Hospitality Service ကို မိတ်ဆက်ပြီး Facial Recognition နှင့် QR Code များအသုံးပြု၍ Check-in ကို အလိုအလျောက်စနစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ခရီးသွားဧည့်သည် အလွန်များပြားခဲ့ခြင်းသည် ဂျပန်နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါသည်။ ခရီးသွားလည်ပတ်မှုများပြားသော ဒေသခံများနေထိုင်သည့်နေရာများတွင် လမ်းပိတ်ခြင်း၊ လူစုလူဝေးများဖြစ်ပေါ်ခြင်း၊ အမှိုက်များ၊ ဆူညံမှုများဖြစ်ပေါ်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း၊ ခရီးသွားဧည့်သည်များသွားရောက်လည်ပတ်ရန် နေရာချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားဧည့်သည်အလွန်အမင်းစုပြုံခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့်ပြန်လည်ရှင်သန်လာရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Japan Tourism Agency ၏စစ်တမ်းအရ အားလပ်ရက်နှင့်နေ့ထူးနေ့မြတ်များတွင် ခရီးသွားလာမှုများပြားပြီး ရုံးဖွင့်ရက် တနင်္လာမှ သောကြာနေ့များတွင် ခရီးသွားလာမှုမှာ ၁၆.၅ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အဆိုပါနေ့များတွင် ခရီးသွားလာမှုကို ဖြန့်ကျက်နိုင်ရန်အတွက် Weekday Travel Coupons များပေးခြင်းဖြင့် ခရီးသွားလာမှုအတွက် အထောက်အပံ့ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အစိုးရအနေဖြင့် ဝန်ထမ်းများကို အိမ်မှနေ၍ Teleworking စနစ်ဖြင့် အလုပ်လုပ်စေလျက်ရှိပါကြောင်း၊ အဆိုပါစနစ်ကြောင့် ရုံးဖွင့်ရက် တနင်္လာမှ သောကြာနေ့များတွင် ခရီးသွားလာရင်း အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ရုံးဖွင့်ရက်-ရုံးပတ်ရက် ခရီးသွားလာမှု ဟန်ချက် ညီစေရန် အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် အိုဆာကာတွင် “Designing Future Society for Our Lives” ခေါင်းစဉ်ဖြင့် ၆ လကြာကျင်းပမည့် The Expo 2025 Osaka Kansai သို့ ပြည်ပဧည့်သည် ၃.၅ သန်းလာရောက်မည်ဟု ခန့်မှန်းထားသည့်အတွက် ဧည့်သည်အရေအတွက် ဆက်လက်များပြားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ခရီးသွားလာမှုပုံစံအသစ်များဖန်တီးပေးခြင်း၊ ဝန်ဆောင်မှုအသစ်များ ဖန်တီးပေးခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : World Economic Forum, Centre for the New Economy and Society’s News Article (10-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

 

Category: Japan