Russia

ရုရှားဓာတ်ငွေ့များ တင်ပို့မှုကို G7 နိုင်ငံများနှင့် EU တို့မှ တားမြစ်ရန် ရည်ရွယ်ထား

Last Updated:

၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်မှ ၂၁ ရက်တွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားထိပ်သီးအစည်းအဝေး၌ G7 ခေါင်းဆောင်များနှင့်ဥရောပသမဂ္ဂနိုင်ငံ(EU)များမှ ချမှတ်မည့်ဆုံးဖြတ်ချက်သည် ပိုလန်နှင့်ဂျာမနီနိုင်ငံလမ်းကြောင်း ဓာတ်ငွေ့ပိုက်လိုင်းများမှတစ်ဆင့် လတ်တလောကန့်သတ်ထားသော ရုရှားဓာတ်ငွေ့များတင်ပို့မှုကို တားမြစ်မည်ဟု Financial Times သတင်းစာ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

ယူကရိန်းတွင် ရုရှားအထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် အနောက်အင်အားကြီးနိုင်ငံများသည် ပိုက်လိုင်းဓာတ်ငွေ့ကုန်သွယ်မှုကို ပိတ်ဆို့မည်ဖြစ်ကြောင်း၊ စီးပွားရေးဖိအားများတိုးမြှင့်ရန် ကြိုးပမ်းနေသည့် အနောက်နိုင်ငံများက ရုရှား၏ စွမ်းအင်တင်ပို့မှုမှ ၀င်ငွေများ တိုးမလာစေရန် အာမခံချက်များလိုချင်လျက်ရှိကြောင်း၊ ဟီရိုရှီးမားထိပ်သီးအစည်းအဝေးအပြီး G7 ကြေညာချက်မူကြမ်းတွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးအုပ်စုတစ်စုသည် ယူကရိန်းပဋိပက္ခမပြေလည်မချင်း ရုရှားစွမ်းအင်ရင်းမြစ်အသုံးပြုမှုကို ထပ်မံလျှော့ချရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဂျာမနီနှင့် ပိုလန်သို့ "Druzhba" ပိုက်လိုင်းမှတစ်ဆင့် ရုရှားရေနံထောက်ပံ့မှုကို ရပ်တန့်ရန် ဥရောပသမဂ္ဂမှ အဆိုပြုခဲ့ကြောင်း၊ သို့သော် "Druzhba" ပိုက်လိုင်း၏ တောင်ပိုင်းဌာနခွဲမှတစ်ဆင့် ရေနံလက်ခံရရှိသည့် ဟန်ဂေရီ၊ စလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့အတွက် ခြွင်းချက်တစ်ခုပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းအဆိုပြုချက်ကို ဥရောပသမဂ္ဂမှ ရုရှားဆန့်ကျင်ရေးပိတ်ဆို့မှု ၁၁ ခုမြောက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ပြောကြားချက်အရ ရုရှားနိုင်ငံအား ချုပ်ကိုင်ရေးနှင့်အားနည်းစေရေးမူဝါဒသည် အနောက်နိုင်ငံများ၏ ရေရှည်မဟာဗျူဟာတစ်ရပ်ဖြစ်သော်လည်း ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ဆိုးရွားစွာထိခိုက်နစ်နာစေခဲ့ကြောင်း၊ ရုရှားနိုင်ငံ၏ဘဏ္ဍာရေးတည်ငြိမ်မှုကို ပျက်ပြားစေရန်မှာ မဖြစ်နိုင်ဘဲ ဥရောပသမဂ္ဂကိုယ်တိုင်က ပိတ်ဆို့အရေးယူမှုများ၏ ထောင်ချောက်ထဲသို့ ကျရောက်လျက်ရှိကြောင်း သိရှိရပါသည်။

Source :

https://ria.ru/20230514/gaz-1871594832.html

https://www.ft.com/content/3568257b-9ab9-43b0-be96-04828b375fa2

https://sdg.iisd.org/events/g7-hiroshima-summit-2023/

https://www.mk.ru/social/2022/09/07/putin-zayavil-chto-evropa-zashla-v-sankcionnyy-tupik.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia