India (Kolkata)

အယ်နီညိုရာသီဥတုကြောင့် အာရှနိုင်ငံများမှ ဆန်ဝယ်ယူမှုများပြားလာသည့်အတွက် အိန္ဒိယဆန် ဝယ်လိုအားမြင့်တက်လျက်ရှိ

Last Updated:

နှံစားသီးနှံများအပေါ် အမှီသဟဲပြုနေရသည့် အာရှနိုင်ငံတစ်ချို့သည် ၂၀၂၃ ခုနှစ် ဒုတိယ ၆ လပတ်အတွင်း ပိုမိုပြင်းထန်လာဖွယ်ရှိသည့် အယ်လီညိုရာသီဥတုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကြပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်လျက်ရှိရာ ဆန်များပိုမိုဝယ်ယူလျက်ရှိသည့်အတွက် ဆန်ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု The Hindu Businessline သတင်းဌာနက ဖော်ပြသည်။ ဆန်ဝယ်လိုအားမြင့်တက်လျက်ရှိသော အရှေ့တောင်အာရှနိုင်ငံအချို့မှာ  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း(TREA)က ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းရှိ ကျွန်းများက ဆန်ကို ပိုမိုဝယ်ယူကြပြီး မလေးရှားနိုင်ငံ ဆန်ဈေးကွက်မှာလည်း ပွင့်လင်းလာလျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံကလည်း ဆန်ဝယ်ယူရန် စုံစမ်းမေးမြန်းမှုများရှိနေသည်ဟု အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့ရောင်းချသော Bulk Logix ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံတို့အနေဖြင့် ၂၀၀၇-၂၀၀၈ ခုနှစ်က တွေ့ကြုံခဲ့ရသော ဆန်ဈေးနှုန်းအဆမတန်မြင့်တက်မှုအခြေအနေမျိုးနှင့် ထပ်မံရင်ဆိုင်ရခြင်းမရှိစေရန် အရန်ဆန်များကို ဝယ်ယူဖြည့်တင်းလျက်ရှိသည်ဟု ဆန်ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ အိန္ဒိယနိုင်ငံ၏ ၂၅ % ဆန်ဖြူဈေးနှုန်းမှာ ၁ တန်လျင် ၄၄၂ ဒေါ်လာခန့်ရှိပြီး ထိုင်းနှင့်ဗီယက်နမ်တို့တွင် အဆိုပါဆန်၏ဈေးနှုန်းမှာ ၁ တန်လျှင် ၄၉၀ ဒေါ်လာနှင့် ၄၈၀ ဒေါ်လာအသီးသီးရှိကြောင်း အပြည်ပြည်ဆိုင်ရာ သီးနှံကောင်စီ၏ အချက်အလက်များအရသိရသည်။ အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းမှာ ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ အဆိုပါဈေးနှုန်းမှာ ထိုင်းနိုင်ငံဆန်ဈေးနှုန်း(ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်)နှင့် ဗီယက်နမ်နိုင်ငံဆန်ဈေးနှုန်း (ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်းမြင့်တက်) တို့ထက် များစွာသာလွန်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယနိုင်ငံ၏ပေါင်းဆန်ဈေးနှုန်းမှာ ၁ တန်လျှင် ၃၈၀ ဒေါ်လာအောက်ရှိပြီး၊ ဝယ်လိုအားအနည်းငယ်မြင့်တက်လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့၏ ပေါင်းဆန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ၁ တန်လျှင် ဒေါ်လာ ၁၀၀ ခန့်ကြီးမြင့်လျက်ရှိသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသော အိန္ဒိယသီးနှံပြက္ခဒိန်အရ ၂၀၂၃ ခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၁၃၀ ဒဿမ ၈၃ သန်းရှိပြီး၊ ယခင်နှစ်က တန်ချိန် ၁၂၈ ဒဿမ ၄၇ သန်းထုတ်လုပ်ခဲ့ရာ ဆန်တန်ချိန် ၂ ဒဿမ ၃ သန်းကျော်တိုးတက်ခဲ့သည့်အတွက် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှုလည်း တိုးတက်ခဲ့လာကြောင်း သိရသည်။

ဇစ်မြစ်။ The Hindu Businessline

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)