Japan

ဂျပန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားခများကို ၄၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ ဂျပန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် အဓိကကုမ္ပဏီကြီး ၇ ခုအား ၁၄ ရာခိုင်နှုန်းမှ ၄၂ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားခနှုန်းထားတိုးမြှင့်ကောက်ခံခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် Hirokazu Matsuno က မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

တိုကျိုမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် Tokyo Electric Power Company Holdings အနေဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထား တိုးမြှင့်ကောက်ခံခွင့်ရရှိခဲ့သော်လည်း အနည်းဆုံးနှုန်းထားကိုသာ တိုးမြှင့်ကောက်ခံခွင့်ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို တည်ငြိမ်အောင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေချိန်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများမြင့်တက်လာခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာနိုင်ပြီး ငွေကြေးဖောင်းပွမှုကိုလည်း မြင့်တက်လာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားများမြင့်တက်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို ၀.၄၂ ရာခိုင်နှုန်းအထိမြင့်တက်နိုင်ကြောင်း ဂျပန်ဗဟိုဘဏ်ဘုတ်အဖွဲ့ဝင်ဟောင်းဖြစ်သူ  Nomura Research Institute မှ စီးပွားရေးပညာရှင် Takahide Kiuchi က ပြောကြားထားပါသည်။

ဧပြီလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် ၂ ရာခိုင်နှုန်းအောက်သို့ရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် ယခုကဲ့သို့မူဝါဒအပြောင်းအလဲများသည် ငွေကြေးဖောင်းပွမှုနှုန်းကို ပိုမိုမြင့်တက်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏ထုတ်ပြန်ချက်ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီကြီးများ၏  အစုရှယ်ယာဈေးနှုန်းများမှာ ၂ နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ပြီး Tepco အနေဖြင့် ၃.၉ ရာခိုင်နှုန်း၊ Hokuriku Electric Power အနေဖြင့် ၅.၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

G-7 ထိပ်သီးအစည်းအဝေးအပြီးတွင် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ခန့်မှန်းထားသည့်အတွက် ဝန်ကြီးချုပ်ခီရှိဒအစိုးရ၏ လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့်သက်ရောက်မှုများကို လျော့ပါးသက်သာစေရေးအတွက် အိမ်ထောင်စုများတွင် ကျသင့်သည့်လျှပ်စစ်မီတာခများ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဝန်ကြီးချုပ်ခီရှိဒအစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသည့် ကုမ္ပဏီများကို စိုက်ထုတ်ပေးဆောင်ခြင်းဖြင့် အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများသက်သာစေရေး ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့အစိုးရ၏ ပံ့ပိုးထောက်ပံ့မှု အစီအစဉ်သည် ယခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် ရွေးကောက်ပွဲကို အလေးထားသည်ဆိုပါက မူဝါဒအသစ်ကို အကြောင်းပြကာ အစိုးရ၏ ပံ့ပိုးထောက်ပံ့မှုအစီအစဉ်ကို ကာလတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အရင်းအမြစ်နည်းပါးသောနိုင်ငံများရှိ စွမ်းအင်ကုမ္ပဏီများအနေဖြင့် တင်သွင်းလောင်စာဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့လောင်စာဆီအကြပ်အတည်းကြားတွင် ရပ်တည်နိုင်ရန် စိန်ခေါ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများမှာ ကမ္ဘာ့အနှံ့မြင့်တက်ခဲ့ပြီး သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးဈေးနှုန်းများမှာလည်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : The Japan Times (16-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan