India (Kolkata)

၂၀၂၃ ခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ၁၅ ဘီလီယံဒေါ်လာခန့် လျော့ကျ

Last Updated:

အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ ၂၀၂၃ ခုနှစ် ဧပြီလတွင် လပေါင်း(၂၀)အတွင်း ၁၅ ဒဿမ ၂ ဘီလီယံဒေါ်လာသို့ လျော့ကျခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဥရောပနှင့် အမေရိကတိုက်တို့မှ ဝယ်လိုအားလျော့နည်းခဲ့ပြီး ကုန်စည်ဈေးနှုန်းများ ကျဆင်းခဲ့သည့်အတွက် သွင်းကုန်နှင့် ပို့ကုန်တန်ဖိုးများလည်း လျော့ကျခဲ့သောကြောင့်ဖြစ်သည်။

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးရရှိသော ကိန်းဂဏန်းအချက်အလက်များအရ ကုန်စည်တင်ပို့မှုတန်ဖိုးမှာ ၃၄ ဒဿမ ၇ ဘီလီယံဒေါ်လာရှိပြီး ယခင်နှစ်ကထက် ၁၂ ဒဿမ ၆ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။ မှတ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လက ကုန်စည်တင်ပို့မှုတန်ဖိုး ၁၂ ဒဿမ ၇ ရာခိုင်နှုန်းအထိ အများဆုံးကျဆင်းခဲ့ဖူးကြောင်းနှင့် လအလိုက်ကြည့်လျှင် ၃ လဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ အိန္ဒိယနိုင်ငံ၏ ကုန်စည်တင်သွင်းမှုတန်ဖိုးသည်လည်း ၄၉ ဒဿမ ၉ ဘီလီယံ ဒေါ်လာရှိပြီး ယခင်နှစ်ကထက် ၁၄ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကုန်စည်တင်သွင်းမှုတန်ဖိုး ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့်အခြေအနေရှိခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လကလည်း နိုင်ငံတွင်းသို့ ကုန်စည်ဝင်ရောက်မှုနည်းပါးခဲ့သည့်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် သွင်းကုန်တန်ဖိုးမှာ ၅၀ ဘီလီယံဒေါ်လာအောက်သို့ ရောက်ရှိခဲ့ကြောင်း အစိုးရနှင့် အိန္ဒိယဗဟိုဘဏ်၏ အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ်က ကဏ္ဍအလိုက်အချက်အလက်များကို ထောက်ပြပြောဆိုရာတွင် ပို့ကုန်နှင့် သွင်းကုန်နှစ်ရပ်စလုံးကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရေနံထွက်ကုန်များကဲ့သို့ ကုန်စည်ဈေးနှုန်းမျာကြောင့်ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းတွင် ဥရောပနှင့် အမေရိကတိုက်ရှိ စားသုံးသူများအနေဖြင့် စီးပွားရေးကျပ်တည်းမှုကြောင့် အသုံးစရိတ်များလျှော့ချလာသည့်အတွက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပစ္စည်းများ၊ အသင့်ချုပ်ပြီးအထည်များ၏ ဝယ်လိုအားကျဆင်းခဲ့သည့်အတွက်ဖြစ်သည်ဟုဆိုသည်။

လာမည့် နှစ်လ သုံးလအတွင်း ဝယ်လိုအားအခြေအနေမှာ အကောင်းဖက်သို့ ရောက်ရှိရန် မလွယ်ကူသေးကြောင်းနှင့် စက်တင်ဘာလနောက်ပိုင်းရောက်မှသာ ဝယ်လိုအားပြန်လည်ဦးမော့လာဖွယ်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဩဂုတ်လနှင့် စက်တင်ဘာလနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ပွင့်လင်းလာသကဲ့သို့ တစ်ပြိုင်နက်တည်းတွင် ဥရောပနှင့်အမေရိကန်ပြည်ထောင်စုတို့မှ ဝယ်လိုအားပြန်လည်မြင့်တက်လာမည့်အခြေအနေနှင့်ပေါင်း၍ ကမ္ဘာ့ပို့ကုန်ဈေးကွက် အရှိန်အဟုန်မြင့်တက်လာဖွယ်ရှိသည်ဟု ၎င်းက သုံးသပ်သည်။

ယခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံ၏ ဝန်ဆောင်မှုပို့ကုန်တန်ဖိုးမှာ ၃၀ ဒဿမ ၄ ဘီလီယံဒေါ်လာရှိပြီး ၂၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းနှင့် တစ်ဖက်တွင် ဝန်ဆောင်မှုသွင်းကုန်တန်ဖိုးမှာ ၁၆ ဒဿမ ၅ ဘီလီယံဒေါ်လာရှိပြီး ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က အိန္ဒိယနိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှု စုစုပေါင်းပို့ကုန်တန်ဖိုးမှာ ၇၇၅ ဒဿမ ၉ ဘီလီယံဒေါ်လာရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက် ၁၄ ဒဿမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ သွင်းကုန်စုစုပေါင်းတန်ဖိုးမှာ ၈၉၄ ဒဿမ ၂ ဘီလီယံဒေါ်လာခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက် ၁၇ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ကုန်သွယ်မှုလိုငွေတန်ဖိုးမှာ ၁၁၈ ဒဿမ ၃ ဘီလီယံဒေါ်လာရှိကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အဆိုပါအချက်အလက်များအရ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က အိန္ဒိယနိုင်ငံ၏ ကုန်စည်တင်ပို့မှုမှာ ပထမဦးဆုံးအကြိမ်အဖြစ် ၄၅၀ ဘီလီယံဒေါ်လာအထက်သို့ရောက်ရှိခဲ့ပြီး၊ ၆ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ကုန်စည် တင်သွင်းမှုတန်ဖိုးမှာ ၇၁၄ ဘီလီယံဒေါ်လာရှိပြီး ၁၆ ဒဿမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဇစ်မြစ်။ The Times of India

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)