Japan

ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေမှာ ၂၀၂၃ ခုနှစ် မေလတွင် ယန်း ၁.၃၇ ထရီလီယံ ဖြစ်ပေါ်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ မေလတွင် ပို့ကုန်တင်ပို့မှုနှုန်းနှေးကွေးလာခြင်းနှင့် လောင်စာဆီတင်သွင်းရသည့် ကုန်ကျစရိတ်များကျဆင်းခဲ့ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏ကုန်သွယ်ရေးလိုငွေမှာ ၂၀၂၂ ခုနှစ်၊ မေလနှင့်နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယန်း ၁.၃၇ ထရီလီယံရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၃ ခုနှစ်၊ မေလ၌ ဂျပန်နိုင်ငံ၏သွင်းကုန်ပမာဏမှာ ယန်း ၈.၆၇ ထရီလီယံရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏမှာ ယန်း ၇.၂၉ ထရီလီယံရှိခဲ့ပြီး  ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၌ ၂၂ လဆက်တိုက် ကုန်သွယ်ရေးလိုငွေဖြစ်ပေါ်လျက်ရှိခြင်းသည် သွင်းကုန်အပေါ်မူတည်နေရပြီး အရင်းအမြစ်ရှားပါးသည့်နိုင်ငံဖြစ်သည်ကို ဖော်ပြလျက်ရှိကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ထုတ်လုပ်မှုကျဆင်းလာသော်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းအသုံးပြု၍ ထုတ်လုပ်ရသည့် လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ အားကောင်းနေဆဲဖြစ်၍ ပို့ကုန်တင်ပို့မှုမှာ တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ မေလတွင် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုတို့မှာ ကျဆင်းခဲ့ကြောင်း၊ ကုန်ကြမ်းရရှိနိုင်မှုပိုမိုကောင်းမွန်လာခြင်းကြောင့် မော်တော်ယာဉ်တင်ပို့မှု အားကောင်းခဲ့သော်လည်း စုစုပေါင်းပို့ကုန်တင်ပို့မှုမှာ နှေးကွေးနေဆဲဖြစ်ကြောင်း Meiji Yasuda Research Institute မှ Chief Economist ဖြစ်သူ Yuichi Kodama က ပြောကြားထားပါသည်။

၂၀၂၃ ခုနှစ် မေလတွင် ဂျပန်နိုင်ငံနှင့် အမေရိကန်ကုန်သွယ်မှုအခြေအနေကိုကြည့်မည်ဆိုပါက ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ ယန်း ၁.၃၇ ထရီလီယံတန်ဖိုးရှိ ကုန်စည်များတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၄ ရာခိုင်နှုန်းတိုးမြင့်တင်ပို့နိုင်ခဲ့ကြောင်း၊ အမေရိကန်မှ ယန်း ၉၃၈.၈၉ ဘီလီယံတန်ဖိုးရှိ ကုန်စည်များတင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်းတိုးမြှင့်တင်သွင်းနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ကုန်သွယ်မှုပိုငွေ ၄၃၄.၈၉ ဘီလီယံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် မေလတွင် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကုန်သွယ်မှုအခြေအနေကိုကြည့်မည်ဆိုပါက ဂျပန်နိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေ ယန်း ၅၄၀.၅၅ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ယန်း ၁.၈၈ ထရီလီယံတန်ဖိုးရှိ ကုန်စည်များတင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ယန်း ၁.၃၄ ထရီလီယံတန်ဖိုးရှိ ကုန်စည်များတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအနေဖြင့် တရုတ်အပါအဝင် အာရှနိုင်ငံများနှင့် ကုန်သွယ်မှုလိုငွေ ၁၀၅.၁၆ ဘီလီယံဖြစ်ပေါ်ခဲ့ပြီး၊ ၄ လအတွင်း ပထမဆုံးအကြိမ် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အီးယူနိုင်ငံများနှင့် ကုန်သွယ်မှုလိုငွေ ယန်း ၁၄၁.၀၃ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ပို့ကုန်တင်ပို့နိုင်မှုနှေးကွေးနေသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကောင်းမွန်နေဆဲဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏စီးပွားရေးမှာ ဒုတိယသုံးလပတ်ကာလတွင် တိုးတက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အားပြိုင်မှုများကြောင့် မသေချာမှုများဖြစ်ပေါ်လျက်ရှိသော်လည်း ငွေကြေးသုံးစွဲနိုင်မှုနှင့် ဝယ်ယူသုံးစွဲနိုင်မှုတို့ အားကောင်းနေဆဲဖြစ်သည့်အတွက် လက်ရှိ သုံးလပတ်ကာလတွင် ဂျပန်နိုင်ငံ၏စီးပွားရေးတိုးတက်မှု ဆက်လက်ကောင်းမွန်နိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။  

Source : The Japan Today (16-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan