India (Kolkata)

အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်တွင် မိုးနည်းသည့်အတွက် ပဲတီစိမ်းစိုက်‌ပျိုးမှုနောက်ကျပြီး ပဲမျိုးစုံ လက္ကားဈေးနှုန်းများမြင့်တက်ဖွယ်ရှိနေ

Last Updated:

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းရှိ ယခင်က မိုင်ဆိုး‌ခေါ် ကာနာတက်ကာ(Karnataka )ပြည်နယ်သည် ပဲတီစိမ်းကို အဓိကစိုက်ပျိုးသည့်ပြည်နယ်တစ်ခုဖြစ်သည်။ ယခုအခါ မိုးဥတုအဝင်‌ နောက်ကျလျက်ရှိသည့်အတွက် ပဲတီစိုက်ပျိုးမှုအပေါ်များစွာ အကျိုးသက်‌ရောက်လျက်ရှိပြီး၊ ပဲစိုက်တောင်သူများအ‌နေဖြင့် မုတ်သုံအားနည်းမှု‌‌ကြောင့် ပဲတီစိမ်းကိုသာ မိုး‌‌ကို‌စောင့်ဆိုင်း၍ စိုက်ပျိုးရမည်လော၊ အခြားသီးနှံတစ်မျိုးမျိုးကိုသာ ပြောင်းလဲစိုက်ပျိုးရမည်လော ဝေခွဲရခက်လျက်ရှိ‌ကြောင်း သိရသည်။ ယင်းသို့ပဲစိုက်ပျိုးချိန်‌နောက်ကျ၍ ပဲတီစိမ်းအထွက်နည်းမည့်လက္ခဏာ‌‌ရှိ‌နေသဖြင့် ယခင်က မြင့်တက်လျက်ရှိ‌သော ပဲ‌‌ဈေးနှုန်း‌အ‌ပေါ်ထပ်ဆင့်၍ ပဲ‌‌ဈေးနှုန်းများမြင့်တက်လာကာ စားသောက်ကုန်‌ဈေးနှုန်းများ‌ ဖေါင်းပွမည့်အလားအလာနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။

ပုံမှန်ဆိုပါက အဆိုပါပြည်နယ်၌ ပဲတီစိမ်းကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ စိုက်ပျိုးလေ့ရှိသည်။ သို့‌သော် တောင်သူများအ‌နေဖြင့် မိုးအနည်းငယ်‌ ယခုထက်ပိုမိုကောင်းမွန်လာပါက ပဲစိုက်ပျိုးချိန်ကာလကို သီတင်းပတ်တစ်ပတ် ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဟုဆိုသည်။ အစိုးရကသတ်မှတ်ထား‌သော အနိမ့်ဆုံးထားရှိရမည့် ပဲတီစိမ်း‌ကြမ်းခင်း‌ဈေးနှုန်းများ မကြာ‌သေးမီကမြင့်တက်ခဲ့သည့်အတွက် ပဲစိုက်တောင်သူများအ‌နေဖြင့် ပဲတီစိမ်းကို ဆက်လက်စိုက်ပျိုးရန် ‌‌အခွင့်အလမ်းသာလျက်ရှိသည်။

သို့‌သော် ယခုနှစ်တွင် မိုးရွားသွန်းမှုနည်းပါးသည့်အတွက် စိုးရိမ်မှုများရှိ‌နေပြီး၊ ဧကအများအပြားစိုက်ပျိုး‌သော ‌တောင်သူများအ‌နေဖြင့် ‌‌‌ပြောင်း၊ ဝါ၊ မတ်ပဲ၊ ‌မြေပဲနှင့် ဘာဂျရာ‌ (bajra) စေ့ကဲ့သို့ အခြားသီးနှံများလည်း အထွက်နှုန်းကျဆင်းဖွယ်ရှိမည်ဟု ယူဆလျက်ရှိသည်။ ထို့‌ကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံး၏ ပဲတီစိမ်းအထွက်နှုန်းမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိ‌နေပြီး၊ အကျိုးဆက်အားဖြင့် ပဲ‌မျိုး‌စုံဈေးနှုန်းများ ဆက်လက်မြင့်တက်သွားမည့် အလားအလာများရှိ‌နေ‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကာနာတက်ကာပြည်နယ်ရှိ ပဲတီစိမ်းစိုက်ပျိုး‌မြေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးပြီးစီး၍ ကျန်ပဲစိုက်‌တောင်သူအချို့က ရေရရှိရန် ကိုယ်ပိုင်‌ရေတွင်း‌ ရေကန်များအ‌ပေါ် မှီခို‌နေရပြီး၊ အခြားတောင်သူများအနေဖြင့် မိုးအလာကိုသာ‌ စောင့်ဆိုင်းလျက်ရှိ‌ကြသည်။ ပဲတီစိမ်းအဓိကစိုက်ပျိုး‌သော ဂါဒက် (Gadag)၊ ဒါဝပ်(Dharwad)၊ ‌ကော်ပယ်(Koppal)နှင့် ဘာဂယ်လ်ကော့ (Bagalkot) တို့ကဲ့သို့ ခရိုင်များ၌ မုတ်သုံမိုးရွာသွန်းမှုနည်းပါးသည့်အတွက် ‌တောင်သူလယ်သမားများ လက်ရှိရင်ဆိုင်‌နေရသည့် အခက်အခဲနှင့် စိန်‌ခေါ်မှုများအ‌ပေါ်ထပ်ဆင့်၍ ပူပန်စရာဖြစ်လျက်ရှိသည်ဟုဆိုသည်။

ယင်းသို့ ပဲစိုက်ပျိုးချိန်နောက်ကျခြင်း‌ကြောင့် ‌‌ပဲစင်းငုံနှင့်ပဲတီစိမ်း‌ဈေးနှုန်းများတက်သည့်အခြေအနေမျိုးကဲ့သို့ ပဲမျိုးစုံနှင့်နှံစားသီးနှံ‌ဈေးနှုန်းများ‌ဖေါင်းပွမှုကို ဖြစ်‌ပေါ်‌စေမည်ဖြစ်သည်။ ပဲမျိုးစုံ‌ဈေးဖေါင်းပွမှုနှုန်းမှာ လက်ရှိအချိန်တွင် ၆ ရာခိုင်နှုန်းအထက်ရှိ၍ နှံစားသီးနှံ‌ဈေးဖေါင်းပွမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိရှိ‌‌ကြောင်း သိရသည်။ အဆိုပါအ‌‌ခြေအ‌နေမှာ ရာသီကုန်၍ စုစု‌ပေါင်း သီးနှံမည်မျှထွက်ရှိနိုင်မည်ဆိုသည်ကို သိရှိနိုင်သည်အထိ ‌‌ယခုအတိုင်း မ‌ပြောင်းလဲပဲရှိ‌နေမည်ဟု ခန့်မှန်းထားကြသည်။

အကယ်၍ မုတ်သုံမိုးရွာသွန်းမှုအား‌ကောင်းလာပါက မဟာရှထရာ(Maharashtra)ပြည်နယ်ရှိ ‌တောင်သူလယ်သမားများအ‌နေဖြင့် ကာနာတက်ကာပြည်နယ်မှ ‌‌လျော့ကျဖွယ်ရှိသော ပဲတီစိမ်းအထွက်နှုန်းအား ကာမိအောင် ပိုမိုစိုက်ပျိုးထုတ်လုပ်သွားဖွယ်ရှိ‌ကြောင်း သိရသည်။ လာမည့် သီတင်းပတ် (၄)ပတ်အထိ မိုး‌ရွာသွန်းမှုနည်းပါးမည်ဟု  ပုဂ္ဂလိက မိုး‌လေဝသဌာနတစ်ခုဖြစ်‌သော Skymet မှ ခန့်မှန်းထားချက်အ‌ပေါ် ‌တောင်သူများက စိုးရိမ်မကင်းရှိ‌နေကြသည်။ ယင်းကဲ့သို့ မုတ်သုံအဝင်‌ နောက်ကျလျက်ရှိသည့်အ‌‌ခြေအနေက အာ‌ရေဗျပင်လယ်တွင် ဖြစ်ပေါ်လျက်ရှိ‌သော Biparjoy ဆိုင်ကလုံးမုန်တိုင်းကို အားကောင်း‌စေသည့်အ‌ကြောင်းအရင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဇစ်မြစ်။ www.livemint.com

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)