Japan

ဂျပန်နိုင်ငံရှိ လုပ်ငန်းကြီးများအနေဖြင့် ဝန်ထမ်းလစာများကို ဆယ်စုနှစ်အတွင်း အမြင့်ဆုံးနှုန်းထားသို့ တိုးမြှင့်ပေးသွားမည်

Last Updated:

ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ လစာနှုန်းထားများ တိုးမြှင့်ပေးရန် အလုပ်သမားသမဂ္ဂ၏ တောင်းဆိုမှုအပေါ် Nissan Motor Co. နှင့် Hitachi Ltd. တို့အပါအဝင် ဂျပန်နိုင်ငံရှိ အဓိကလုပ်ငန်းစုများအနေဖြင့် ဆယ်စုနှစ်အတွင်း လစာနှုန်းကို အမြင့်ဆုံးနှုန်းထားသို့ တိုးမြှင့်ပေးသွားရန် နှစ်စဉ်လစာဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုအစည်းအဝေးတွင် သဘောတူညီခဲ့ကြပါသည်။

 

ဂျပန်နိုင်ငံတွင် Shunto ဟုခေါ်သည့် နှစ်စဉ်လုပ်ခလစာဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုအစည်းအဝေးတွင် အဓိကဆုံးဖြတ်ချက်များကို ချမှတ်ရာ၌ အရေးပါသည့် Toyota Motor Corp အနေဖြင့် နှစ် ၂၀ အတွင်း အမြင့်ဆုံးဖြစ်သည့်လုပ်ခလစာကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက်တွင် Nissan Motor Co. အနေဖြင့်လည်း ပျမ်းမျှအားဖြင့် လုပ်ခလစာကို ယန်း ၁၂,၀၀၀ ထပ်မံတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ လစာတိုးမြှင့်ပေးမှုမှာ လက်ရှိ လစာပေးမှုစနစ်ကို စတင်ကျင့်သုံးခဲ့သည့် ၂၀၀၄     ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးနှုန်းထားဖြစ်သည်။ ထို့ပြင် အလုပ်သမားသမဂ္ဂ၏ တောင်းဆိုချက်နှင့်အညီ ၅.၅ လနှင့်ညီမျှသော လစာကို နှစ်စဉ်ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။

 

Honda Motor Co. အနေဖြင့်လည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အမြင့်ဆုံးလစာနှုန်းကို ပေးအပ်သွားရန် သဘောတူညီခဲ့ပါသည်။

 

Toyota ၏ဥက္ကဋ္ဌအသစ်ဖြစ်သူ Koji Sato က Toyota အနေဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်စေရေး ဖန်တီးဖော်ဆောင်သွားရန် မျှော်မှန်းထားကြောင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်အရ မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် ဝန်ထမ်းများ၏လစာနှုန်းထား တိုးမြှင့်ပေးနိုင်မည်ဖြစ်သည့်အတွက် လုပ်ခလစာဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများတွင် အခြားသောကုမ္ပဏီများအနေဖြင့်လည်း လုပ်ခလစာတိုးမြှင့်ပေးရန်အတွက် တွန်းအား ဖြစ်စေမည်ဖြစ်ပါသည်။

 

လျှပ်စစ်ကုမ္ပဏီကြီးများအနေဖြင့်လည်း အလုပ်သမားသမဂ္ဂ၏  တောင်းဆိုမှုနှင့်အညီ လုပ်ခလစာ တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ Hitachi အနေဖြင့် အခြေခံလုပ်ခလစာကို ယန်း ၇၀၀၀ ထပ်မံ တိုးမြှင့်သွားရန် သဘောတူညီခဲ့ပြီး ထိုသို့လစာနှုန်းတိုးမြှင့်ပေးမှုမှာ ၁၉၉၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ပါသည်။

 

အခြားသော လုပ်ငန်းကြီးများအနက် တစ်ခုဖြစ်သည့် Sapporo Breweries Ltd. အနေဖြင့် ကုမ္ပဏီ၏ အခြေခံလစာကို  နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးနှုန်းထားဖြစ်သည့် ယန်း ၉၀၀၀ ထပ်မံ တိုးမြှင့်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

Japan Airlines Co., ၏အုပ်ချုပ်မှုအဖွဲ့အနေဖြင့် လေကြောင်းဆိုင်ရာလုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများကို ကိုယ်စားပြုသည့် အကြီးဆုံးအလုပ်သမားသမဂ္ဂမှ တောင်းဆိုသည့် အခြေခံလစာထက် ယန်း ၁၀၀၀ ပိုမိုကာ အခြေခံလစာကို ယန်း ၇၀၀၀ ထပ်မံတိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Beef Bowl စားသောက်ဆိုင်လုပ်ငန်းစုလုပ်ကိုင်သူ Zensho Holdings Co. အနေဖြင့် လုပ်ခလစာကို ကုမ္ပဏီ၏ စံချိန်တင်အမြင့်ဆုံးနှုန်းထားဖြစ်သည့် ပျမ်းမျှအားဖြင့် အခြေခံလစာ၏ ၇.၇ ရာခိုင်နှုန်း (သို့မဟုတ်) ၂၆,၇၁၈ ယန်းသို့ တိုးမြှင့်ပေးသွားရန် သဘောတူညီခဲ့ပါသည်။

 

စားသောက်ကုန်မှသည် စက်သုံးဆီအထိ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အိမ်ထောင်စုများအပေါ် ဖြစ်ပေါ်လာသည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျော့ပါးစေရန် စီးပွားရေးအသိုက်အဝန်းအနေဖြင့် လုပ်ခလစာများကို တိုးမြှင့်ပေးရန် ဝန်ကြီးချုပ် ဖူမီအို ခီရှိဒ၏တောင်းဆိုမှုကြောင့် ထိုသို့လစာနှုန်းထားများ စံချိန်တင်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါသည်။

 

ဂျပန်နိုင်ငံတွင် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ လွန်ခဲ့သောနှစ်နှင့်နှိုင်းယှဉ်ပါက ဇန်နဝါရီလတွင် ၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အဆိုပါနှုန်းထားသည်  ၁၉၈၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် အမြင့်ဆုံးနှုန်းထားဖြစ်ပါသည်။

 

ဂျပန်အစိုးရ၏ ထုတ်ပြန်ချက်များအရ ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် လစာနှုန်းထား ဆက်တိုက်ကျဆင်းမှုမှာ  ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၁၀ လ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

“မိမိတို့အနေဖြင့် သမိုင်းဝင်လစာနှုန်းထား တိုးမြှင့်မှုများကို မြင်တွေ့နေရပြီဖြစ်ကြောင်းနှင့် အခြေခံလစာ လုံးဝတိုးမြှင့်မှုမရှိခဲ့သည့်အခြေအနေမှ ရုန်းထွက်နိုင်တော့မည်ဖြစ်ကြောင်း”Mizuho Research & Technologies Ltd. မှ အကြီးတန်း စီးပွားရေးပညာရှင်ဖြစ်သူ Saisuke Sakai က ပြောကြားထားပါသည်။  

 

သို့သော်လည်း မြင့်တက်လာသည့် လူသုံးကုန်ဈေးနှုန်းကို ထိန်းညှိနိုင်သည့်အခြေအနေသို့ မရောက်ရှိသေးကြောင်း၊ စီးပွားရေးအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းမှာ လူသုံးကုန်ဈေးနှုန်း မြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

လွန်ခဲ့သော ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးအသိုက်အဝန်းနှင့် အလုပ်သမားသမဂ္ဂမှ ကိုယ်စားလှယ်များကို အစိုးရမှ တွေ့ဆုံသည့် အခမ်းအနားတွင် ဝန်ကြီးချုပ်ခီရှိဒက အဓိကလုပ်ငန်းကြီးများတွင်  လုပ်ခလစာတိုးမြှင့်ပေးမှုများသည် ကုမ္ပဏီငယ်များတွင်ပါ တဖြည်းဖြည်းဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

 

အစိုးရအနေဖြင့် အသေးစားနှင့်အငယ်စားလုပ်ငန်းများရှိ ဝန်ထမ်းများ၏ လုပ်ခလစာတိုးမြှင့်ပေးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် အဆိုပါအသေးစား၊ အလတ်စားကုမ္ပဏီများထံမှ ဝယ်ယူသုံးစွဲသူများအပေါ် များစွာသက်ရောက်မှုမရှိစေရေး ထိန်းညှိဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားပါသည်။

 

၁၉၉၀ ခုနှစ် အစောပိုင်းကာလများအတွင်း ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း လျင်မြန်စွာမြင့်မားခဲ့ပြီး နိုင်ငံ့စီးပွားရေးပြိုလဲခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်း လစာတိုးမြှင့်ပေးမှုရပ်တန့်ခဲ့ပြီးနောက် ယခုကဲ့သို့ လစာနှုန်းထားတိုးမြှင့်ပေးမှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

 

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးမှုအဖွဲ့အစည်း(OECD) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဂျပန်နိုင်ငံ၏ပျမ်းမျှလစာတိုးတက်မှုနှုန်းမှာ ၁၉၉၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ထိုသို့မြင့်တက်ခဲ့မှုမှာ အလားတူကာလအတွင်း အမေရိကန်နှင့်ဗြိတိန်နိုင်ငံတို့တွင် လစာနှုန်းမြင့်တက်ခဲ့မှုနှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၏  ပျမ်းမျှလစာမှာ ဒေါ်လာ ၃၉,၇၁၁ ဖြစ်ပြီး အဆိုပါလစာမှာ အမေရိကန်နိုင်ငံ၏ ပျမ်းမျှလစာနှုန်းထား၏ ထက်ဝက်သာရှိသည်။ ဂျပန်နိုင်ငံ၏ အဆိုပါပျမ်းမျှလစာနှုန်းထားမှာ စက်မှုအင်အားကြီး ၇ နိုင်ငံ၏အဖွဲ့ဝင်များအကြားတွင် အနိမ့်ဆုံးနှုန်းထားလည်းဖြစ်ပါသည်။

 

ထိုသို့အခြားနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား လစာနှုန်းထားကွာဟမှုကို ထိန်းညှိနိုင်ရန် ကုမ္ပဏီအချို့အနေဖြင့် သိသာထင်ရှားသည့်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြပါသည်။

 

Uniqlo အဝတ်အထည်လုပ်ငန်းစုဆောင်ရွက်သူ Fast Retailing Co. အနေဖြင့် လက်ရှိဝန်ထမ်းများကို  ဆက်လက်ထိန်းထားနိုင်ရန်အတွက် ဝန်ထမ်းများ၏ လစာငွေကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလအတွင်းက ပြောကြားထားပါသည်။

Source : Japan Today

(စီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan