Japan

ဂျပန်နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုကို လျော့ပါးသက်သာစေရန်အတွက် ယန်း ၂ ထရီလီယံ သုံးစွဲသွားမည်

Last Updated:

ဧပြီလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအတွင်းငွေကြေးဖောင်းပွမှုကို လျော့ပါးသက်သာစေရန်အတွက် ဂျပန်အစိုးရအနေဖြင့် ယန်း ၂ ထရီလီယံကျော်(အမေရိကန်ဒေါ်လာ ၁၅.၁ ဘီလီယံ) ထပ်မံသုံးစွဲသွားမည်ဖြစ်ပါသည်။

အဆိုပါယန်း ၂ ထရီလီယံကျော်ကို မတ်လတွင်ကုန်ဆုံးမည့် ယခုနှစ်ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီးဖြစ်သည့် သီးသန့်ရန်ပုံငွေမှ သုံးစွဲသွားမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး Shigeyuki Goto က မတ်လ ၂၂ ရက်နေ့တွင် ပြောကြားထားပါသည်။ အဆိုပါငွေကို ဝင်ငွေနည်းအိမ်ထောင်စုများ၊ ၎င်းတို့၏သားသမီးများနှင့် ရေနံဓာတ်ငွေ့ရည်(LPG)အသုံးပြုသည့် အိမ်ထောင်စုများကို အဓိကထားပံ့ပိုးသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်ပေါ်နေမှုကြောင့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဖူမီအို ခီရှိဒ၏ လက်ရှိအာဏာရပါတီအပေါ် မဲပေးထောက်ခံမှု လျော့နည်းသွားခြင်းမရှိစေရန် ယခုကဲ့သို့ အစိုးရအနေဖြင့် ပံ့ပိုးဆောင်ရွက်ရခြင်းဖြစ်ပါသည်။

ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုများနှင့် ဂျပန်ဗဟိုဘဏ်၏ မူဝါဒများမှာ ရေရှည်အကျိုးဖြစ်ထွန်းစေရေးဆောင်ရွက်ရာတွင် အကန့်အသတ်ရှိကြောင်း စီးပွားရေးပညာရှင်များက ပြောကြားထားပါသည်။

ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုအသစ်များမှာ ကာလတိုဖြစ်သည့် ၁ နှစ်အတွင်းသာ သက်ရောက်နိုင်သည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုများကို ထည့်သွင်းသုံးသပ်နိုင်မည်မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် ငွေကြေးဆိုင်ရာမူဝါဒချမှတ်ခြင်းထက် လာမည့်ရွေးကောက်ပွဲတွင် ထောက်ခံမှုများရရှိရေးအတွက်သာ ယခုကဲ့သို့ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ဂျပန်ဗဟိုဘဏ်ဘုတ်အဖွဲ့ဝင်ဟောင်းနှင့် Noruma Research Institute မှ စီးပွားရေးပညာရှင် Takahide Kiuchi က ပြောကြားထားပါသည်။

လက်ရှိအာဏာရပါတီအနေဖြင့် လာမည့်လတွင် ဂျပန်နိုင်ငံတစ်ဝန်း၌ ရွေးကောက်ပွဲများကျင်းပမည်ဖြစ်ပြီး၊ အချို့သောနေရာများတွင် ပါလီမန်အတွင်း လစ်လပ်နေရာများကို ဖြည့်စွက်ခန့်ထားရန်အတွက် ကြားဖြတ် ရွေးကောက်ပွဲများကျင်းပသွားမည်ဖြစ်ပါသည်။ ခီရှိဒအစိုးရကို ထောက်ခံသူများမှာ စံချိန်တင်လျော့နည်းကျဆင်းခဲ့ရာမှ ဂျပန်ဝန်ကြီးချုပ်အနေဖြင့်  ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယူကရိန်းကို ပံ့ပိုးပေးမည့် အစိုးရ၏ ခိုင်မာသည့်ရပ်တည်ချက်ကြောင့် မကြာသေးမီကပင် အစိုးရကို ထောက်ခံမှုများပြန်လည်မြင့်တက်ခဲ့ပါသည်။ သို့သော် ဂျပန်နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုမြင့်တက်နေခြင်းကို လျော့ပါးသက်သာစေပြီး ပြည်သူများမှ အစိုးရအပေါ် ဆက်လက်ထောက်ခံမှုများရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာ ကျန်ရှိနေဆဲဖြစ်ပါသည်။

စီးပွားရေးဝန်ကြီး Goto က အစိုးရမှသုံးစွဲသွားမည့် ယန်း၂ထရီလီယံကျော်အနက် ယန်း၇၀၀ဘီလီယံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို ကုစားနိုင်ရန်အတွက်ဖြစ်ပြီး၊ ယန်း ၅၀၀ ဘီလီယံမှာ ဝင်ငွေနည်းအိမ်ထောင်စုများကို ပံ့ပိုးသွားရန်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ဂျပန်နိုင်ငံတွင် စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ အဓိကမြင့်တက်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဇန်နဝါရီလတွင် ၄.၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ဖေဖော်ဝါရီလထုတ်ပြန်ချက်များတွင် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယခင်အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကိုလျော့ပါးသက်သာစေရန်အတွက် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ လျှော့ချပေးခြင်း၊ သဘာဝဓာတ်ငွေ့နှုန်းထားများ ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ဂျပန်နိုင်ငံတွင် အများဆုံး အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည်(LPG)နှင့်စပ်လျဉ်း၍ ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားပါသည်။

Kiuchi က ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုအသစ်ကြောင့် လူသုံးကုန်ဈေးနှုန်းမှာ ၀.၃ ရာခိုင်နှုန်းကျဆင်းစေနိုင်မည်ဖြစ်ပြီး ပုံမှန်ဈေးနှုန်းအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)မှာ ၀.၀၉ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ငွေကြေးဖောင်းပွမှုအပေါ် ထိန်းညှိဆောင်ရွက်မှုများကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁.၂ ရာခိုင်နှုန်းလျော့နည်းနိုင်ကြောင်း အစိုးရအနေဖြင့် ခန့်မှန်းထားခဲ့ပါသည်။

ဂျပန်ဗဟိုဘဏ်အနေဖြင့် လာမည့်ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းကို အစိုးရ၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိရန် မျှော်မှန်းထားပါသည်။ ထိုသို့ပြည့်မီစေရန်အတွက် အစိုးရအနေဖြင့် ငွေကြေးဆိုင်ရာပံ့ပိုးမှုများဆောင်ရွက်ခြင်းနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ အစိုးရ၏ မျှော်မှန်းငွေကြေးဖောင်းပွမှုနှုန်းသို့ ရောက်ရှိစေရန်အတွက် ဝန်ထမ်းများ၏ လစာငွေများကို ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အညီ တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဗဟိုဘဏ်အတွက် ဘဏ်အကြပ်အတည်းပြဿနာမှာ ငွေကြေးဖောင်းပွမှုနှုန်းထက် ပိုမိုကြီးမားသည့် သက်ရောက်မှုဖြစ်ကြောင်း Sillicon Valley Bank နှင့် Credit Suisse တို့၏ ပြိုလဲမှုဖြစ်စဉ်များကို ကိုးကား၍ Kiuchi က ပြောကြားထားပါသည်။

Source: The Japan Times (23-3-2023)

(စီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan