Singapore

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တင်ပို့မှု တားမြစ်ချက်ကို ပယ်ဖျက်ပေးမည့် မလေးရှားနိုင်ငံ

Last Updated:

မလေးရှားနိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တင်ပို့မှုတားမြစ်ချက်ကို ပယ်ဖျက်ပေးမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် လျှပ်စစ်ဓာတ်အားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုပ်ကြွင်းမဟုတ်သည့်လောင်စာရင်းမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၏ စီးပွားရေးဝန်ကြီး Mr. Rafizi Ramli က ပြောကြားခဲ့ပါသည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် လက်ရှိတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၁ ရာခိုင်နှုန်းကျော်ကို ထုတ်ယူလျက်ရှိပြီး ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် လျှပ်စစ်ဓာတ်အားတင်ပို့မှုကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် တားမြစ်ခဲ့ပါသည်။

Mr. Rafizi Ramli က တားမြစ်ချက်ကိုပြင်ဆင်မှုသည် စီးပွားရေးလုပ်ငန်းများ၏ အကြီးစားပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်မှု၏ အကျိုးကျေးဇူးကိုလည်း ခံစားနိုင်စေမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်သွယ်မှုကို အကောင်အထည်ဖော်ရန်အတွက် လျှပ်စစ်ဓာတ်အားဈေးကွက်စနစ်တည်ထောင်ခြင်းသည် မလေးရှားနိုင်ငံကို ဒေသတွင်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အဓိကအချက်အချာတစ်ခုဖြစ်လာစေမည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံအနေဖြင့် ၎င်း၏ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် သိသိသာသာလျှော့ချရန်၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်ရန် ကတိပြုထားပါသည်။ မလေးရှားနိုင်ငံအနေဖြင့် ၎င်း၏မျှော်မှန်းချက်ကိုရရှိရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆပြုလုပ်ရန်လိုအပ်ကြောင်း၊ အခြေခံအဆောက်အအုံနှင့် စွမ်းအင်လုံလောက်မှုတို့အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၇၅ ဘီလီယံ(စင်ကာပူဒေါ်လာ ၄၉၈ ဘီလီယံ) ရှိရမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီက မတ်လတွင် ပြောကြားခဲ့ပါသည်။

Mr. Rafizi Ramli က လက်ရှိတွင် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မှုအချိုးမှာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိကြောင်း၊ စီးပွားရေးအခွင့်အလမ်းအသစ်များကို ဖန်တီးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် ၂၀၅၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုအချိုးကို လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း၏ ၇၀ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်နိုင်စွမ်းတိုးတက်လာမှုသည် ၂၀၅၀ ပြည့်နှစ်အထိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရင်းမြစ်များနှင့် ဓာတ်အားလိုင်းနှင့်ဆက်စပ်သည့် အခြေခံအဆောက်အအုံ၊ စွမ်းအင်သိုလှောင်နိုင်စွမ်းစသည့်ကဏ္ဍတို့အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွင် ခန့်မှန်းခြေအားဖြင့် ရင်းဂစ် ၆၃၇ ဘီလီယံ (စင်ကာပူဒေါ်လာ ၁၉၀ ဘီလီယံ) လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Straits Times

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore