Singapore

ပထမ ၃ လပတ် လုပ်ငန်းဆောင်ရွက်မှုဆန်းစစ်ချက်ပြီးနောက် စင်ကာပူစီးပွားရေး လုပ်ငန်း များက စီးပွားရေးအခြေအနေအပေါ် အဆိုးမြင်မှုများ ပိုမိုများပြားလာခြင်း

Last Updated:

၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်တွင် စီးပွားရေးအခြေအနေ ပိုမိုအားလျော့လာခြင်းကြောင့် စင်ကာပူစီးပွားရေးလုပ်ငန်းများအနေဖြင့် စီးပွားရေးအခြေအနေအပေါ် အဆိုးမြင်မှုများ ပိုမိုများပြားလာကြောင်း Business Times-Singapore University of Social Science (BT-SUSS) Business Climate Survey ၏ ၃ လပတ်လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရပါသည်။

စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရည်တိုင်းတာသည့် ညွှန်းကိန်း ၃ ခုစလုံးက ယခင် ၃ လပတ်မှစ၍ ဆိုးဝါးလာခဲ့ပါသည်။ အသားတင်ရောင်းချမှုတန်ဖိုးမှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှ -၂၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။ အသားတင်ရောင်းချမှုတန်ဖိုးမှာ လုပ်ငန်းများ၏ ရှယ်ယာတန်ဖိုးတက်ခြင်းနှင့်ကျခြင်း၏ ခြားနားချက်ဖြစ်ပြီး ယခင်နှစ်က ထိုသို့သောတန်ဖိုးဖြင့် နှိုင်းယှဉ်ထားသည့်ညွှန်းကိန်းဖြစ်ပါသည်။ ကောင်းမွန်သည့် အသားတင်ရောင်းချမှုတန်ဖိုးမှာ လုပ်ငန်းတိုးတက်ခြင်းကို ညွှန်ပြနေခြင်းဖြစ်ပြီး အနုတ်လက္ခဏာမှာ အခြေအနေဆိုးရွားမှုကို ညွှန်ပြနေခြင်းဖြစ်ပါသည်။ အသားတင်အမြတ်တန်ဖိုးမှာ ၁၉ ရာခိုင်နှုန်းမှ -၃၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ယခင် ၃ လပတ်ထက် ဆိုးဆိုးရွားရွားကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ အသားတင်စီးပွားရေးအလားအလာမှာလည်း ၁၄ ရာခိုင်နှုန်းမှ -၂၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါသည်။ ခြုံငုံကြည့်ပါက နောင်လာမည့် ၆ လအထိ စီးပွားရေးအခြေအနေအပေါ် အဆိုးမြင်မှုများရှိနေမည်ဖြစ်ပါသည်။

တင်းကျပ်သည့် ငွေကြေးမူဝါဒနှင့် ပထဝီနိုင်ငံရေးအခြေအနေတင်းမာမှုများကြားတွင် စင်ကာပူနိုင်ငံ၏စီးပွားရေးမှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရိုက်ခတ်မှုများကို ကြုံတွေ့နေရသည့်အတွက် ထိုသို့သောဆန်းစစ်ချက်ရလဒ်များမှာ အံ့ဩစရာမရှိကြောင်း DBS Group Research Economist ဖြစ်သူ Mr. Chua Han Teng က ပြောကြားခဲ့ပါသည်။

ဆန်းစစ်ချက်ဆောင်ရွက်သူများက တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးမြှင့်ဆောင်ရွက်လာမှုနှင့် လျှပ်စစ်လုပ်ငန်းကဏ္ဍပြန်လည်ကောင်းမွန်လာမှု စသည့်အချက်များကိုအခြေခံ၍ ဒုတိယ ၃ လပတ်တွင် ဂျီဒီပီတန်ဖိုးမှာ ၁.၄ ရာခိုင်နှုန်းမှ ၂.၆ ရာခိုင်နှုန်းအကြား ရှိလာနိုင်မည်ဟု မျှော်မှန်းထားပါသည်။ ယခုအခြေအနေမှာ ယခင်နှစ်ကထက် စီးပွားရေးအခြေအနေအားနည်းနေသော်လည်း ယခင် ၃ လပတ်ထက် ပိုမိုတိုးတက်မှုရှိလာနိုင်မည်ဖြစ်ကြောင်း ဆန်းစစ်ချက်ဆောင်ရွက်သူများက ပြောကြားခဲ့ပါသည်။

Mr. Chua Han Teng က Economic Development Board ၏ စီးပွားရေးမျှော်မှန်းချက် လေ့လာဆန်းစစ်ချက်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးမြှင့်ဆောင်ရွက်လာမှုသည် ဝယ်လိုအားကို ဖြစ်ပေါ်လာစေနိုင်သည်ဖြစ်ရာ ကုန်ထုတ်လုပ်သူများအတွက် လာမည့် ၆ လတာကာလတွင် အနည်းငယ် တိုးတက်မှုရရှိလာနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးမြှင့်ဆောင်ရွက်လာမှုသည် စင်ကာပူနိုင်ငံ၏ ပို့ကုန်ကိုပိုမိုတိုးတက်စေကာ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ခရီးသွားကဏ္ဍနှင့်ဆက်စပ်သည့် လုပ်ငန်းများအပေါ်တွင်လည်း သက်ရောက်မှုရှိမည်ဟု ပြောကြားခဲ့ပါသည်။

ယခုအခြေအနေအပေါ် အဆိုးမြင်သည့် စီးပွားရေးပညာရှင်များလည်း ရှိနေဆဲဖြစ်ပါသည်။ United Overseas Bank (UOB) ၏အကြီးတန်းစီးပွားရေးပညာရှင် Mr. Alvin Liew က တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုမရှိနိုင်သကဲ့သို့ ဒုတိယ ၃ လပတ်တွင်လည်း ၀.၂ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ထုတ်လုပ်မှုနည်းပါးလာမှုကြောင့် စင်ကာပူနိုင်ငံ၏ နည်းပညာကဏ္ဍတွင် ဆုတ်ယုတ်မှုများကြုံတွေ့နိုင်သည့်အခြေအနေရှိကြောင်း ပြောကြားခဲ့ပါသည်။

Maybank ၏ စီးပွားရေးပညာရှင် Dr. Chua Hak Bin က တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးမြှင့်ဆောင်ရွက်လာမှုသည် ကန့်သတ်ချက်များရှိနေဆဲဖြစ်ကြောင်း၊ စီးပွားရေးကျဆင်းမှုသည် ဒုတိယ ၃ လပတ်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ တင်းကျပ်သည့်အကြွေးနှင့် ချေးငွေအခြေအနေများကြောင့် ဒုတိယနှစ်ဝက်တွင် စီးပွားရေးပြန်လည်ကောင်းမွန်လာရန်မှာ မသေချာသည့်အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆန်းစစ်ချက်များအရ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ပထမ ၃ လပတ်တွင် အကောင်းဆုံးဆောင်ရွက်နိုင်သည့်ကဏ္ဍအဖြစ် ရပ်တည်လျက်ရှိပြီး ထိပ်ဆုံးလုပ်ငန်းအခု ၂၀ တွင် ၁၆ ခုမှာ ၎င်းကဏ္ဍမှဖြစ်ကာ ကျန်လုပ်ငန်း ၄ ခုမှာ ဆောက်လုပ်ရေးကဏ္ဍမှဖြစ်ပါသည်။ စက်မှုထုတ်ကုန်အချက်အလက်များအရ ပို့ဆောင်ရေးအင်ဂျင်နီယာလုပ်ငန်းမှာ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရပါသည်။

အများဆုံးတင်သွင်းသည့် ကုန်စည်၊ လုပ်သားအင်အား၊ ပို့ဆောင်ရေး သို့မဟုတ် သင်္ဘောတင်ပို့ခြင်း၊ ငှားရမ်းခ သို့မဟုတ် ပစ္စည်းခွန်စသည့်အချက် ၄ ချက်ဖြင့် ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကျသင့်သည့် ကုန်ကျစရိတ်တန်ဖိုးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းများက မေးခွန်းထုတ်မှုများရှိခဲ့ပါသည်။ ကုန်ကျစရိတ်ကို ၅ ရာခိုင်နှုန်းထက် ပိုမိုကျသင့်စေရန် ဈေးနှုန်းများတက်လာမည်ဟု လုပ်ငန်းအများစုက မျှော်မှန်းကြပြီး လုပ်သားကုန်ကျစရိတ်အတွက် လုပ်ငန်းများ၏ ၆၄.၅ ရာခိုင်နှုန်း၊ အများဆုံးတင်သွင်းသည့် ကုန်စည်အတွက် လုပ်ငန်းများ၏ ၅၇.၉ ရာခိုင်နှုန်း၊ ပို့ဆောင်ရေး သို့မဟုတ် သင်္ဘောတင်ပို့ခြင်းအတွက် လုပ်ငန်းများ၏ ၅၂.၉ ရာခိုင်နှုန်းစသည်ဖြင့် သက်ရောက်မှုရှိမည်ဟု မျှော်မှန်းထားကြပါသည်။ ငှားရမ်းခ သို့မဟုတ် ပစ္စည်းခွန်အတွက်လုပ်ငန်းများ၏ ၄၀.၅ ရာခိုင်နှုန်းက စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကျသင့်သည့်ကုန်ကျစရိတ်ကို ၅ ရာခိုင်နှုန်းထက် ပိုမိုကုန်ကျမည်ဟု မျှော်မှန်းထားပြီး လုပ်ငန်းများ၏ ၁၃.၄ ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ကုန်ကျမည်ဟု မျှော်မှန်းထားကြပါသည်။

DBS Group Research Economist ဖြစ်သူ Mr. Chua Han Teng က ဆန်းစစ်ချက်ရလဒ် များမှာ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် တင်းကျပ်သည့် ပြည်တွင်းလုပ်သားဈေးကွက်အခြေအနေများကြောင့်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း စီးပွားရေးလုပ်ငန်းများက အဆိုပါကုန်ကျစရိတ်ကို စားသုံးသူများကို ကျခံစေမှုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ United Overseas Bank (UOB) ၏ အကြီးတန်းစီးပွားရေးပညာရှင် Mr. Alvin Liew က စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ပထမ ၃ လပတ်တွင် ဆက်လက်ကျဆင်းခဲ့ပြီး စင်ကာပူ၏ လုပ်သားဈေးကွက်တွင် တင်းကျပ်မှုများသည် စင်ကာပူနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများအတွက် အလုပ်သမားကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ ဖိအားများဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်မှုပမာဏ လျော့ကျပြီး ပြည်ပဝယ်လိုအားနည်းပါးမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်သည့်နှုန်းများမှာ ကပ်ရောဂါကာလမတိုင်မီအခြေအနေသို့ ပြန်လည်ကျဆင်းလာသည်ဖြစ်ရာ သင်္ဘောတင်ပို့မှုနှင့်သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များမှာ ကျဆင်းသင့်ကြောင်း Maybank ၏ စီးပွားရေး ပညာရှင် Dr. Chua Hak Bin က ပြောကြားခဲ့ပါသည်။ 

ရင်းမြစ်။        The Business Times

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

 

Category: Singapore