India (Kolkata)

Boeing ကုမ္ပဏီသည် လေယာဉ်မှူးသင်တန်းများအပါအဝင် အိန္ဒိယနိုင်ငံ၏လေ‌ကြောင်းဆိုင်ရာအ‌ခြေခံအ‌ဆောက်အုံကဏ္ဍတွင် အ‌မေရိကန်‌ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်

Last Updated:

အိန္ဒိယ‌လေ‌ကြောင်းလိုင်းကုမ္ပဏီများဖြစ်ကြသည့် Air India နှင့် IndiGo ‌လေ‌‌ကြောင်းလိုင်းများက အ‌မေရိကန်အ‌ခြေစိုက်  Boeing နှင့် ဗြိတိန်အ‌ခြေစိုက် Airbus ကုမ္ပဏီတို့ထံမှ အမေရိကန်‌ဒေါ်လာ ၁၂၀ ဘီလီယံတန်‌‌ကြေးရှိ‌သော ‌လေယာဉ်အစီးရေ ၁၅၀၀ ခန့်ကို ဝယ်ယူရန် မကြာ‌သေးမီက အမှာစာများ‌ပေးပို့ခဲ့ပြီးနောက် Boeing ကုမ္ပဏီက အိန္ဒိယနိုင်ငံ၏လေ‌ကြောင်းဆိုင်ရာ အ‌‌ခြေခံအ‌ဆောက်အုံကဏ္ဍတွင် အ‌မေရိကန်‌ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်ဖြစ်ကြောင်းနှင့် လေယာဉ်မှူးသင်တန်းများကိုလည်း သင်ကြားပေးပို့ချပေးသွားမည်ဟုသိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများက အိန္ဒိယနိုင်ငံ၏ လေကြောင်းပို့ဆောင်မှုကဏ္ဍကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အကူအညီပေးမည်ဖြစ်ကာ လာမည့်နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယလေယာဉ်မှူးအသစ် ၃၁၀၀၀ ခန့်ကိုလည်း မွေးထုတ်ပေးသွားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အ‌မေရိကန်ပြည်‌ထောင်စုခရီးစဉ်အတွင်း ယင်းသို့သ‌ဘောတူညီမှုများရရှိခဲ့ခြင်းဖြစ်‌ကြောင်း အိမ်ဖြူ‌တော်မှထုတ်ပြန်‌ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံမှ  Boeing ကုမ္ပဏီထုတ်‌ လေယာဉ် စုစု‌ပေါင်းအစီးရေ ၂၀၀ ‌ကျော်ကို ဝယ်ယူရန်အမှာစာကို လက်ခံရရှိခဲ့သည့်အတွက် အ‌မေရိကန်ပြည်‌ထောင်စု၏ပြည်နယ်‌ပေါင်း ၄၄ ပြည်နယ်ရှိ အ‌မေရိကန်ပြည်သူ ၁ သန်း‌ကျော်အား အလုပ်အကိုင်များထောက်ပံ့ပေးနိုင်မည်ဟု အဆိုပါထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။ အလားတူပင် IndiGo လေကြောင်းလိုင်းကလည်း ဗြိတိန်အ‌ခြေစိုက် Airbus ကုမ္ပဏီထံမှ အမေရိကန်ဒေါ်လာသန်းချီတန်ကြေးရှိသော လေယာဉ်အစီး‌ရေ ၅၀၀ ကို ဝယ်ယူသွားရန် သဘောတူထားသည့်အတွက် ၎င်းတို့နိုင်ငံအတွက် အလုပ်အကိုင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ကာ နိုင်ငံစီးပွားရေးကိုလည်း များစွာအထောက်အကူပြုသွားနိုင်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်  Rishi Sunak ဂုဏ်ပြု‌ပြောကြားခဲ့ကြောင်း သိရသည်။

Boeing ကုမ္ပဏီသည်အိန္ဒိယနိုင်ငံ၌ C-17 ‌ဈေးကွက်‌အထောက်အကူပြုဌာနနှင့်အပိုပစ္စည်း‌ထောက်ပံ့ပို့‌ဆောင်‌ရေးဗဟိုဌာနတစ်ခုကိုလည်း အပြီးသတ်ထည့်သွင်းတည်ဆောက်သွားမည်ဟု ကတိပြုထားကြောင်း သိရသည်။

ရည်ညွှန်း။ The Times of India

ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့

Category: India (Kolkata)