India (Kolkata)

အိန္ဒိယနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)စီးဝင်မှု ပထမဦးဆုံးအကြိမ်အဖြစ် ကျဆင်း

Last Updated:

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)စီးဝင်မှု ပထမဦးဆုံးအကြိမ်အဖြစ် ၁၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်းနှင့် အကြမ်းဖျင်းတွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံရှိကြောင်းသိရသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကြောင့် ယင်းသို့  (FDI) စီးဝင်မှု ကျဆင်းလာရခြင်းဖြစ်သည်ဟု The Times of India က ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံဗဟိုဘဏ်က လစဉ်ထုတ်ပြန်သောစာရင်းဇယားများအရ ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို မိခင်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့သွားခြင်း၊ လုပ်ငန်းနှင့်ရပိုင်ခွင့်များကို လက်လွှဲရောင်းချခြင်းတို့ရှိခဲ့ပြီး၊ ယင်းအတွက် ညှိနှိုင်းတွက်ချက်မှုများဆောင်ရွက်ပြီးသည့်နောက်တွင် နိုင်ငံတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)စီးဝင်မှုမှာ ၂၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၁ ဒဿမ ၆ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ်မှစ၍ ယင်းသို့ FDI စီးဝင်မှု သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကျပ်အတည်းဖြစ်နေသည့် ၂၀၂၀ ပြည့်နှစ်ကာလအတွင်းကမူ နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသော Reliance၊ Jio နှင့်အခြားလုပ်ငန်းသစ်များက ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည့်အပြင် FDI စီးဝင်မှုလည်း အမြင့်မားဆုံးအခြေအနေ၌ ရှိခဲ့ကြောင်းသိရသည်။

သို့သော် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်တို့မှ ဝယ်လိုအားကျဆင်းခြင်းတို့ကြောင့် ကမ္ဘာနှင့်အဝှမ်း ပိုလျှံသောငွေကြေးရင်းနှီးမြှုပ်နှံမှုများ၏ အဓိကဦးတည်ရာဖြစ်သည့် လုပ်ငန်းသစ်များထံသို့ အရင်းအနှီးစီးဝင်မှုများကျဆင်းခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ရင်းနှီးမြှုပ်နှံမှုများ အကျဖက်သို့ ဦးတည်လျက်ရှိစေကာမူ အဆိုပါအခြေအနေမှာ အခိုက်အတန့်ခဏသာဖြစ်ပြီး မကြာမီပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း တစ်ချိန်က မသေချာမရေရာမှုများမှလွန်မြောက်၍ ပိုမိုရင်းနှီးမြှုပ်နှံလုပ်ကိုင်လာကြမှာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ယူဆထားကြသည်။

နိုင်ငံပြင်ပသို့ ရင်းနှီးမြှုပ်နှံမှုစီးထွက်မှုမှာ ၂၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၆ ဘီလီယံကျဆင်းခဲ့သည့်အတွက် အသားတင် FDI စီးဝင်မှုမှာ၂၇ ဒဿမ ၅ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျဆင်းခဲ့ကြောင်းတွေ့ရသည်။ ယင်းအချက်က အိန္ဒိယကုမ္ပဏီများအနေဖြင့် နိုင်ငံပြင်ပသို့ သွားရောက်ရင်းနှီးမြှုပ်နှံမှုနှေးကွေးသွားကြောင်း ပြသလျက်ရှိသည်။ ၂၀၂၂ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ FDI စီးဝင်မှုမှာ ၈ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၈၉ ဘီလီယံသို့ တိုးတက်ခဲ့ကြောင်း ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ကနဦးရရှိသည့်သတင်းအချက်အလက်များအရ သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် အီလက်ထေရာနစ်၊ ဓါတုပစ္စည်း၊ မော်တော်ကားနှင့် အထည်အလိပ်ကဲ့သို့အဓိကထုတ်လုပ်မှုကဏ္ဍများကို အရှိန်အဟုန်တိုးမြှင့်နိုင်ရေးအတွက် ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးများထံမှ အရင်းအနှီးအမြောက်အများစီးဝင်လာရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းဈေးကွက်လိုအပ်ချက်ပြည့်မှီစေရုံသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် အိန္ဒိယထုတ်ကုန်များပါဝင်နိုင်ရေးအား ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံစုံစီးပွားရေးလုပ်ငန်းများမှ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတည်ထောင်ရန် အကြီးမားဆုံး FDI စီးဝင်ရာနေရာဌာနတစ်ခုလည်းဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော UNCTAD က ထောက်ပြပြောကြားခဲ့သည်။

ဇစ်မြစ်။         The Times of India

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)