Japan

ဂျပန်နိုင်ငံတွင် ခရစ်တိုငွေကြေးလွှဲပြောင်းမှုများအတွက် တင်းကြပ်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်

Last Updated:

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က ခရစ်တိုငွေကြေးလွှဲပြောင်းမှုများနှင့်စပ်လျဉ်းသည့် မူဝါဒများကို ချမှတ်ဆောင်ရွက်သွားရန် G-7 အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဂျပန်နိုင်ငံက စံပြအနေဖြင့်ဆောင်ရွက်သွားရန် ၂၀၂၃ ခုနှစ် မေလအစောပိုင်းတွင် တိုက်တွန်းခဲ့ပါသည်။

ထို့အတူ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့အနေဖြင့် ဂျပန်နိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်မှုများသည် လုံလောက်မှုမရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ဇွန်လ ၁ ရက်နေ့မှစတင်၍  ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် တင်းကြပ်သည့်မူဝါဒများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးက ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် FATF အနေဖြင့် ခရစ်တိုငွေကြေးအသုံးပြုကာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်နိုင်ရေးအတွက် “Travel Rule” ဟုခေါ်သည့် ခရစ်တိုငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်တင်ပြရန် သတ်မှတ်ချက်ကို ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပါသည်။ ထို့အတူ ၂၀၂၂ ခုနှစ် ဇွန်လတွင်လည်း FATF အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား “Travel Rule” ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ပါသည်။ ယခုလအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် G-7 Intergovernmental Political Forum တွင် အဖွဲ့ဝင်နိုင်ငံများက FATF ၏ “Travel Rule” ကိုထောက်ခံကြောင်းနှင့် ကမ္ဘာ့နိုင်ငံများတွင် အဆိုပါစည်းမျဉ်းများ ပိုမိုတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ဂျပန်နိုင်ငံအနေဖြင့် G-7 ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ အဖွဲ့ဝင်နိုင်ငံများက ထောက်ခံသည့် ကမ္ဘာ့စံနှုန်းများနှင့်အညီ လိုက်နာနိုင်ရေးအတွက် ယခုကဲ့သို့ “Travel Rule” ကို ချမှတ်ဆောင်ရွက်သွားရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် “Travel Rule” အရ ခရစ်တိုငွေကြေးနှင့်အခြားသော Virtual  လွှဲပြောင်းမှုများအတွက် Virtual Asset Service Providers များအနေဖြင့် ငွေကြေးလွှဲပြောင်းမှုများနှင့်စပ်လျဉ်း၍ လွှဲပြောင်းသူ၏ အမည်၊ လိပ်စာနှင့် အခြားသောသတင်းအချက်အလက်များကို လွှဲပြောင်းချိန်တွင် စုဆောင်းထားရှိရန်နှင့် သိမ်းဆည်းထားရန်လိုအပ်ပြီး သတင်းအချက်အလက်များကို မျှဝေသွားရန်လိုအပ်လာမည်ဖြစ်ပါသည်။ အဆိုပါစည်းမျဉ်းများကို အစိုးရမှ ပြင်ဆင်ထုတ်ပြန်မည့် Payment Services Act တွင်လည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Sources: Mainichi Japan, www.coindesk.com (24-5-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan