Singapore

ပထမအကြိမ် စင်ကာပူ - ကိုရီးယားဒီဂျစ်တယ်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Last Updated:

ပထမအကြိမ် စင်ကာပူ - ကိုရီးယား ဒီဂျစ်တယ်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို Korea International Trade Association ၏ပါဝင်ကူညီမှုဖြင့် ကိုရီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပူးတွဲဥက္ကဋ္ဌများအဖြစ် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယအတွင်းရေးမှူး(ကုန်သွယ်ရေး) Jane Lim နှင့် ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကုန်သွယ်မှုဒုတိယဝန်ကြီး Jeong Dae-jin တို့က ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲကို ကိုရီးယားနိုင်ငံနှင့် စင်ကာပူနိုင်ငံမှ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ နှစ်နိုင်ငံကိုယ်စားလှယ်များက ကိုရီးယား - စင်ကာပူ ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Korea-Singapore Digital Partnership Agreement - KSDPA) အကောင်အထည်ဖော်နေမှုအခြေအနေများကို လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ ဒီဂျစ်တယ်ကုန်သွယ်မှုမူဝါဒများကို ပိုမိုနားလည်နိုင်သည့်အပြင် တက်ရောက်လာကြသူများအနေဖြင့် စင်ကာပူနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းများဖြစ်သည့် Singtel၊ Filmplace၊ M-ADQ နှင့် Trustana၊ ကိုရီးယားနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းများဖြစ်သည့် NAVER Cloud၊ Hyundai Motors၊ EntreReality၊ H20 Hospitality တို့၏ ရှင်းလင်းတင်ပြချက်များကိုလည်း လေ့လာနိုင်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စင်ကာပူစီးပွားရေးလုပ်ငန်းများအတွက် ကိုရီးယားနိုင်ငံ၏အစိုးရ၊ ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဒီဂျစ်တယ်ကုန်သွယ်မှုနည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရရှိခဲ့ပါသည်။ Ms. Jane Lim က တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် ဒီဂျစ်တယ်စီးပွားရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအပေါ် နှစ်ဖက်ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန်စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေမည့်အခွင့်အလမ်းများနှင့် ဒေသတွင်း၌လည်း အကျိုးဖြစ်ထွန်းစေမည့်အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဒီဂျစ်တယ်ကဏ္ဍတွင် စင်ကာပူနိုင်ငံနှင့်ကိုရီးယားနိုင်ငံအကြား ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲသည် အရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်နေသည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

Mr.Jeong Dae-jin က စင်ကာပူနိုင်ငံသည် အိုင်စီတီအခြေခံအဆောက်အအုံများရှိပြီး စီးပွားရေးဝန်းကျင်အတွက် ဖြေလျှော့မှုများဆောင်ရွက်နေသည့် အာဆီယံဒီဂျစ်တယ်ကဏ္ဍ၏ ဗဟိုဌာနတစ်ခုဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ၏ အိုင်စီတီနှင့်ထုတ်လုပ်မှုနည်းပညာများနှင့် ပေါင်းစပ်လိုက်ပါက ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသည့်အကျိုးရလဒ်များရရှိနိုင်မည်ဖြစ်ကြောင်း၊ KSDPA နှင့် ဒီဂျစ်တယ်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အနာဂတ်ရည်မျှော်ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံနှင့်ကိုရီးယားနိုင်ငံသည် စီးပွားရေးတွင် ခိုင်မာအားကောင်းသည့် ဆက်သွယ်မှုရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် ကိုရီးယားနိုင်ငံသည် စင်ကာပူနိုင်ငံ၏ အများဆုံးကုန်သွယ်သည့် ၇ နိုင်ငံမြောက် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး ပမာဏအားဖြင့် စင်ကာပူဒေါ်လာ ၇၀.၉ ဘီလီယံ၊ နှစ်စဉ် ၂၆ ရာခိုင်နှုန်း တိုးတက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စင်ကာပူနိုင်ငံသည် ကိုရီးယားနိုင်ငံ၏ အာရှတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ၉ နိုင်ငံမြောက်နိုင်ငံဖြစ်ပြီး ပမာဏအားဖြင့် စင်ကာပူဒေါ်လာ ၁၄.၁ ဘီလီယံရှိပါသည်။ ကိုရီးယားနိုင်ငံသည်လည်း စင်ကာပူနိုင်ငံ၏ အာရှတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ၆ နိုင်ငံမြောက်နိုင်ငံဖြစ်ပြီး ပမာဏအားဖြင့် စင်ကာပူဒေါ်လာ ၃၅.၅ ဘီလီယံရှိပါသည်။

စင်ကာပူ - ကိုရီးယားဒီဂျစ်တယ်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပနိုင်မှုအရ နှစ်နိုင်ငံအနေဖြင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို မကြာမီအချိန်အတွင်း ကျင်းပပြုလုပ်ရန် ဆန်းစစ်သုံးသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် အိုင်စီတီကိုအခြေခံ၍ ပြည်သူကိုဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စေခြင်းတို့ကို ဆောင်ရွက်နေသည့်နိုင်ငံဖြစ်ပြီး အိုင်စီတီအခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းသည့်နိုင်ငံဖြစ်ပါသည်။ ကိုရီးယားနိုင်ငံသည်လည်း အိုင်စီတီကဏ္ဍတွင် တိုးတက်နေသည့်နိုင်ငံဖြစ်ရာ ဒီဂျစ်တယ်စီးပွားရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်မည်ဟု သုံးသပ်ရပါသည်။

စင်ကာပူနိုင်ငံသည် ယနေ့အထိ နှစ်နိုင်ငံဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ပေါင်း ၅ ခုကို ချုပ်ဆိုထားပြီး ၎င်း၏ ပထမဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ကို ချီလီ၊ နယူးဇီလန်နိုင်ငံတို့နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ကျန်သဘောတူစာချုပ် ၄ ခုမှာ ယူကေ (၂၅-၂-၂၀၂၂)၊ ဩစတြေးလျနိုင်ငံ (၆-၈-၂၀၂၂)၊ ကိုရီးယားနိုင်ငံ (၂၁-၁၁-၂၀၂၂)၊ အီးယူ (၁-၂-၂၀၂၃) တို့နှင့် ချုပ်ဆိုထားသည့် စာချုပ်များဖြစ်ပါသည်။ စင်ကာပူနိုင်ငံအနေဖြင့် ဆက်လက်၍ အလားတူစာချုပ်များ ချုပ်ဆိုရန် လိုလားလျက်ရှိသည်ဖြစ်ရာ ဒေသတွင်း၌ ၎င်း၏ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းစေရန် ကြိုးစားဆောင်ရွက်နေသည်ဟုသုံးသပ်ရပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုလည်း ဒီဂျစ်တယ်ကဏ္ဍအခြေခံသည့်စီးပွားရေးဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore