Japan

ဂျပန်နိုင်ငံအနေဖြင့် ကလေးသူငယ်များအတွက် ရန်ပုံငွေများပံ့ပိုးပေးနိုင်ရေး အစိုးရငွေတိုက်စာချုပ်များ ထုတ်ရောင်းသွားရန် စီစဉ်လျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်း မွေးဖွားနှုန်းကျဆင်းလာမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် “Special Public Bond for Children” ကို ဖော်ဆောင်ကာ နှစ်နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များကို ထုတ်ရောင်းခြင်းဖြင့် ကလေးသူငယ်များကို ပံ့ပိုးပေးနိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေများရှာဖွေသွားရန် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ အစိုးရအနေဖြင့် လူမှုရေးအာမခံနှုန်းထားများတိုးမြှင့်ခြင်းဖြင့် ကလေးသူငယ်များပြားသောအိမ်ထောင်စုများအတွက် ပံ့ပိုးပေးနိုင်ရေး ရန်ပုံငွေများရှာဖွေသွားရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအစီအစဉ်မှာ ဇွန်လတွင် အစိုးရကချမှတ်မည့် Basic Policy on Economic and Fiscal Management and Reform တွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည်ဖြစ်ပါသည်။

၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ၃ နှစ်အတွင်း ကလေးမွေးဖွားနှုန်းကို တိုးမြှင့်နိုင်ရေး အစိုးရက စီမံချက်များချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်သွားရန်အတွက် အစိုးရအနေဖြင့် အဆင့်အလိုက် ဘဏ္ဍာငွေများတိုးမြှင့်ပံ့ပိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရအနေဖြင့် အဆိုပါစီမံချက်အောင်မြင်နိုင်ရေးအတွက် ရန်ပုံငွေ တစ်နှစ်လျှင် ဂျပန်ယန်း ၃ ထရီလီယံလိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကလေးမွေးဖွားနှုန်းကို တိုးမြှင့်နိုင်ရေးအတွက် ၂၀၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် ရန်ပုံငွေကို အစိုးရငွေတိုက်စာချုပ်များကို ထုတ်ရောင်းခြင်းဖြင့် ဘဏ္ဍာငွေရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အစိုးရအနေဖြင့် ကလေးသူငယ်များပြားသော မိသားစုများနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးစရိတ်များ၊ ကျောင်းလခများပံ့ပိုးပေးခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများလျှော့ချပေးရန် ယန်း ၁.၅ ထရီလီယံကိုလည်းကောင်း၊ ကလေးသူငယ်များပြုစုပျိုးထောင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်နိုင်ရေးအတွက် ယန်း ၈၀၀ ဘီလီယံမှ ၉၀၀ ဘီလီယံအထိလည်းကောင်း သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကြွေးမြီများပြားလျက်ရှိသော ဂျပန်အစိုးရအနေဖြင့် ယခုကဲ့သို့အစိုးရငွေတိုက်စာချုပ်များကို ထုတ်ရောင်းမည်ဖြစ်သည့်အတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။ အစိုးရအနေဖြင့် ရန်ပုံငွေများတိုးမြှင့်ရရှိနိုင်ရေး အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဂျပန်ယန်း ၅ ထရီလီယံနီးပါးကို Childcare Budget Programme အတွက် ဘဏ္ဍာငွေချထားပေးပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Japan News (May 24, 2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan