Singapore

၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်ရှိ စင်ကာပူနိုင်ငံ၏ စီးပွားရေးအခြေအနေသုံးသပ်ချက်

Last Updated:

စင်ကာပူနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်တွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နှုန်းတက်လာခဲ့ပြီး ယခင် ၃ လပတ်တွင် ၂.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ၀.၁ ရာခိုင်နှုန်းတက်လာခဲ့သော်လည်း ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက စင်ကာပူနိုင်ငံ၏စီးပွားရေးမှာ ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ထုတ်လုပ်မှုကဏ္ဍတွင် နှစ်အလိုက် ၅.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင် ၃ လပတ်တွင် ၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ထိုသို့ကျဆင်းရခြင်းမှာ ပို့ဆောင်ရေးအင်ဂျင်နီယာကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများတွင် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ယခင် ၃ လပတ်တွင် ၀.၁ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက ထုတ်လုပ်မှုကဏ္ဍတွင် ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် နှစ်အလိုက် ၇.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး လွန်ခဲ့သည့် ၃ လပတ်တွင် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ယခု ၃ လပတ်အတွင်း အစိုးရနှင့် ပုဂ္ဂလိကတို့တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မှု များပြားခဲ့ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက ၀.၆ ရာခိုင်နှုန်းတိုးတက်လာခဲ့သော်လည်း ယခင်နှစ် စတုတ္ထ ၃ လပတ်တွင် ၁.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဖြစ်ရာ ယခင် ၃ လပတ်ထက် အနည်းငယ်တိုးတက်မှုနှေးကွေးခဲ့ပါသည်။

လက်ကားကုန်သွယ်မှုကဏ္ဍတွင် လွန်ခဲ့သည့် ၃ လပတ်၌ ၂.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ယခု ၃ လပတ်တွင် နှစ်အလိုက် ၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ စက်ပစ္စည်း၊ စက်ကိရိယာနှင့် အပိုပစ္စည်းများရောင်းဝယ်မှု ကျဆင်းခဲ့ပြီး လောင်စာဆီနှင့်ဓာတုပစ္စည်းများရောင်းဝယ်မှု တိုးတက်ခဲ့ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက်ချိန်ညှိထားမှုအရကြည့်ပါက ၁.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင် ၃ လပတ်တွင် ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

လက်လီရောင်းဝယ်မှုတွင် နှစ်အလိုက် ၂.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်၌ ၅.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ယခု ၃ လပတ်အတွင်း မော်တော်ကားရောင်းချမှုပမာဏ ကျဆင်းခဲ့သော်လည်း မော်တော်ယာဉ်မဟုတ်သည့် ယာဉ်ယန္တရားများရောင်းချမှုပမာဏမြင့်တက်လာသည့်အတွက် ၎င်းကဏ္ဍတွင် တိုးတက်လာခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် အနည်းငယ်မျှသာတိုးတက်ခဲ့ပြီး ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက လက်လီရောင်းဝယ်မှုတွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။  

သယ်ယူပို့ဆောင်ရေးနှင့်သိုလှောင်ရေးကဏ္ဍတွင် လွန်ခဲ့သည့် ၃ လပတ်က ၂.၅ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ယခု ၃ လပတ်တွင် ၀.၇ ရာခိုင်နှုန်းခန့် အနည်းငယ်သာတိုးတက်ခဲ့ပါသည်။ ၎င်းကဏ္ဍအတွင်း နိုင်ငံတကာခရီးသွားကဏ္ဍပြန်လည်ကောင်းမွန်လာမှုကြောင့် လေကြောင်းပို့ဆောင်ရေးနှင့်ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတို့တွင် တိုးတက်ခဲ့ပါသည်။ စင်ကာပူဆိပ်ကမ်း၌ ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာဝင်ရောက်မှုပမာဏကျဆင်းမှုကြောင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အနည်းငယ်ကျဆင်းခဲ့ပါသည်။ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက်ချိန်ညှိထားမှုအရကြည့်ပါက သယ်ယူပို့ဆောင်ရေးနှင့်သိုလှောင်ရေးကဏ္ဍတွင် ယခင် ၃ လပတ်၌ ၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခု ၃ လပတ်တွင် ၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ယခင်ကထက် အနည်းငယ်ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။

နေရာထိုင်ခင်းကဏ္ဍတွင် ယခင် ၃ လပတ်၌ ၇.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ ယခု ၃ လပတ်တွင် ၂၁.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ယခင်နှစ်က ပြည်ပခရီးသွားဝင်ရောက်မှုကို ကန့်သတ်ထားသည့်အချိန်တွင် ခရီးသွားနည်းပါးခဲ့ပြီး ယခုနှစ်ကာလတူအချိန်၌ နိုင်ငံတကာခရီးသွားများဝင်ရောက်မှု များပြားလာသည့်အတွက် ၎င်းကဏ္ဍတွင် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်နှစ် ၃ လ ပတ်နှင့် ယခုနှစ် ၃ လပတ်ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက ယခု ၃ လပတ်တွင် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ယခင် ၃ လပတ်တွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ခဲ့မှုထက် ပိုမိုတိုးတက်ခဲ့ပါသည်။

အစားအသောက်ကဏ္ဍတွင် ယခင် ၃ လပတ်၌ ၁၉.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခု ၃ လပတ်တွင် ၁၂.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ စားသောက်ဆိုင်များ၊ အစားအသောက်ရောင်းချသူများ၏ ရောင်းချမှု ပမာဏမြင့်တက်လာမှုကြောင့် ၎င်းကဏ္ဍတွင် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက်ချိန်ညှိထားမှုအရကြည့်ပါက စတုတ္ထ ၃ လပတ်တွင် ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ ယခု ၃ လပတ်တွင် ၀.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးကဏ္ဍတွင် ၆.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင် ၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ Data Hosting ဝန်ဆောင်မှု၊ Internet Search Engine ဆိုင်ရာလုပ်ငန်းများ တိုးတက်လာမှုကြောင့် အိုင်တီနှင့်သတင်းအချက်အလက်ဝန်ဆောင်မှုအပိုင်းတွင် သိသိသာသာတိုးတက်ခဲ့ပါသည်။ နိုင်ငံတကာမှခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကြောင့် အင်တာနက်အသုံးပြုမှုနှင့်ဖုန်းသုံးစွဲမှုအတွက် ကြိုတင်ငွေပေးချေသည့်ဝန်ဆောင်မှုတို့တွင် သုံးစွဲသူများပြားလာသည့်အတွက် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက ၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင် ၀.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

ငွေကြေးနှင့်အာမခံလုပ်ငန်းကဏ္ဍတွင် ယခင် ၃ လပတ်၌ ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခု ၃ လပတ်တွင် ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ရန်ပုံငွေစီမံခန့်ခွဲမှုနှင့်အခြားလုပ်ငန်းများတွင် တိုးတက်မှုရှိသော်လည်း ဘဏ်လုပ်ငန်းနှင့်အာမခံလုပ်ငန်းတို့တွင် ဆုတ်ယုတ်မှုများဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ဘဏ်လုပ်ငန်း၌ အသားတင်ပေးချေငွေနှင့် ကော်မရှင်ခ၊ ချေးငွေရယူရာတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးခြင်းစသည်တို့တွင် ကျဆင်းခဲ့ပြီး အသက်အာမခံလုပ်ငန်းတွင် အားနည်းချက်များရှိခြင်းကြောင့် အာမခံလုပ်ငန်းတွင်လည်း ကျဆင်းမှုများဖြစ်ပေါ်ခဲ့ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက်ချိန်ညှိထားမှုအရကြည့်ပါက ၎င်းကဏ္ဍတွင် ယခင် ၃ လပတ်၌ အနည်းငယ်သာတိုးတက်ခဲ့သော်လည်း ယခု ၃ လပတ်တွင် ၀.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

အိမ်ရာအဆောက်အအုံကဏ္ဍတွင် ယခင် ၃ လပတ်၌ ၁၅.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၉.၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည့်အတွက် ယခင်နှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းနှေးခဲ့ပါသည်။ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ စက်မှုဇုန်များနှင့် ကိုယ်ပိုင်အိမ်ခြံမြေအပိုင်းတွင် တိုးတက်ခဲ့သည့်အတွက် အိမ်ရာအဆောက်အအုံကဏ္ဍတွင် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက အိမ်ရာအဆောက်အအုံကဏ္ဍတွင် ၂.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင် ၂.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

အတတ်ပညာပိုင်းဆိုင်ရာဝန်ဆောင်မှုကဏ္ဍတွင် ၅.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင် ၆.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ယခု ၃ လပတ်အတွင်း တိုးတက်ခဲ့မှုမှာ ဗိသုကာပညာနှင့်အင်ဂျင်နီယာ၊ နည်းပညာစမ်းသပ်မှုနှင့်စစ်ဆေးမှု၊ အခြားအတတ်ပညာ၊ ကျွမ်းကျင်မှု၊ သိပ္ပံနှင့် နည်းပညာဝန်ဆောင်မှုလုပ်ငန်းတို့တွင် တိုးတက်ခဲ့သည့်အတွက်ဖြစ်ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက ယခင်နှစ် စတုတ္ထ ၃ လပတ်တွင် ၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ယခုနှစ် ၃ လပတ်တွင် ၁.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

အုပ်ချုပ်မှုနှင့် ထောက်ပံ့ရေးဝန်ဆောင်မှုကဏ္ဍတွင် ၁၁.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင် ၁၀.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ၎င်းကဏ္ဍအတွင်း အခြားအုပ်ချုပ်မှုနှင့် ထောက်ပံ့ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ငှားရမ်းခြင်းနှင့်အငှားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ခဲ့ပြီး ခရီးသွားအေဂျင်စီများ၊ ခရီးသွားလုပ်ငန်းများတိုးတက်ခဲ့ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ် ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက အုပ်ချုပ်မှုနှင့်ထောက်ပံ့ရေးဝန်ဆောင်မှုကဏ္ဍတွင် ၅.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင် ၄.၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

အခြားဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း ၅.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင်စတုတ္ထ ၃ လပတ်တွင် ၆.၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေမှုလုပ်ငန်းများ၊ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းများတွင် တိုးတက်ခဲ့ပါသည်။ ယခင်နှစ် ၃ လပတ်နှင့် ယခုနှစ် ၃ လပတ်ကာလတူအလိုက် ချိန်ညှိထားမှုအရကြည့်ပါက အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင် ၃ လပတ်တွင်လည်း ၀.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ ဆန်းစစ်ချက်အရ ၂၀၂၃ ခုနှစ်၏ ကျန်ကာလ အပိုင်းအခြားအတွင်း စင်ကာပူနိုင်ငံ၏ ပြင်ပဝယ်လိုအားမျှော်မှန်းချက်မှာ အားနည်းနေမည်ဖြစ်ပါသည်။ စီးပွားရေးအင်အားကြီးနိုင်ငံများအကြား စီးပွားရေးကျဆင်းမည်ဟု ခန့်မှန်းချက်အပြင် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်နှုန်းမှာလည်း ပိုမိုကျဆင်းနေမည်ဖြစ်ကာ ကျဆင်းသည့်အချိန်ကာလမှာလည်း မျှော်မှန်းထားသည်ထက် ကြာရှည်နိုင်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းမှာ စက်မှုလုပ်ငန်းများထက် တင်သွင်းမှုနည်းပါးသည်ဖြစ်ရာ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကိုဦးတည်နေသည့်စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုသည်လည်း ဆက်လက်အားနည်းနေမည်ဟု ခန့်မှန်းထားပါသည်။  

နိုင်ငံတကာမှ ခရီးသွားများပြန်လည်ဝင်ရောက်လာမှုကြောင့် စင်ကာပူနိုင်ငံ၏လေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့်လုပ်ငန်းများမှာ ဆက်လက်တိုးတက်မှုရှိနေမည်ဖြစ်ပါသည်။ လေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့်လုပ်ငန်းများတွင် ပို့ဆောင်ရေးအင်ဂျင်နီယာကဏ္ဍ၏ အာကာသယာဉ်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များအပါအဝင် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ နေရာထိုင်ခင်း၊ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေလုပ်ငန်းတို့ပါဝင်ပါသည်။

ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးနှင့်ဆက်စပ်နေသည့်လုပ်ငန်းများမှာလည်း အားနည်းနေမည်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်စိတ်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ဝယ်လိုအားကျဆင်းလာခြင်းကြောင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှုကျဆင်းခြင်းနှင့် လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းတွင် မတွင်ကျယ်ခြင်း၊ တရုတ်နိုင်ငံ၏ ဝယ်လိုအားကျဆင်းလာမှုကြောင့် ဓာတုပစ္စည်းများထုတ်လုပ်မှုကျဆင်းခြင်းစသည့် အကြောင်းတရားများကြောင့် စင်ကာပူနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ပိုမိုကျဆင်းနိုင်ပါသည်။ ကမ္ဘာ့စီးပွားရေးအခြေအနေပိုမိုကျဆင်းလာခြင်းကြောင့် ရေကြောင်းပို့ဆောင်ရေး၊ ငွေကြေးနှင့်အာမခံလုပ်ငန်းများတွင် တိုးတက်မှုမှာလည်း လျော့နည်းလာနိုင်ချေရှိပါသည်။

စင်ကာပူနိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်ရှိ စီးပွားရေးအခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအရ စင်ကာပူနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက စင်ကာပူနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၃ ခုနှစ်တွင် ၀.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းကြား အလယ်မှတ်နီးပါးအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် Changi Airport ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ပိတ်ထားခဲ့သည့် Terminal 2 ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းကို တိုးချဲ့နိုင်ရန်အတွက် Tuas ဆိပ်ကမ်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် ဆိပ်ကမ်းတစ်ခုလုံး အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် Phase 1 နှင့် Phase 2 ပြီးစီးခဲ့ပြီး Phase 3 ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဆိပ်ကမ်းတစ်ခုလုံး အပြည့်အဝလုပ်ငန်းလည်ပတ်သည့်အချိန်တွင် ပေ ၂၀ ရှိ ကုန်သေတ္တာပေါင်း ၆၅ သန်းကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စင်ကာပူနိုင်ငံအနေဖြင့် ရှေ့အနာဂတ်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍထက် ခရီးသွားလုပ်ငန်းနှင့် ၎င်းနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကာ ၎င်း၏စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်ဆောင်ရွက်သွားမည်ဟု သုံးသပ်တင်ပြအပ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore