India (Kolkata)

အိန္ဒိယနိုင်ငံ၏စီးပွားရေးအခြေအနေသည် ငွေဖေါင်းပွမှုလျော့ကျလာပြီး အတက်ဖက်သို့ ဦးတည်လျက်ရှိဟု ဗဟိုဘဏ်ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ငွေကြေးဖေါင်းပွမှုနှုန်းကျဆင်းလာသည့်အတွက် ဆက်လက်တိုးတက်လျက်ရှိမည်ဟု အိန္ဒိယဗဟိုဘဏ်က ထုတ်ပြန်ပြောကြားလိုက်သည်။ အယ်နီညိုရာသီဥတုကြောင့် ထိခိုက်မှုအနည်းငယ်ရှိခဲ့သော်လည်း နိုင်ငံ၏ငွေကြေးဖေါင်းပွမှုနှုန်းမှာ ယခင်နှစ်က ပျှမ်းမျှ ၆ ဒဿမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ၅ ဒဿမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိသည်ဟု ဗဟိုဘဏ်ကခန့်မှန်းထားသည်။ ကမ္ဘာ့စီးပွားရေးအခြေအနေတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် စီးပွားရေးနှင့်ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်လျက်ရှိသည်ဟု ဗဟိုဘဏ်က မကြာသေးမီကထုတ်ပြန်လိုက်သည့် နှစ်စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၆ ဒဿမ ၅ ရာခိုင်နှုန်းရှိမည်ဟု ၎င်းက ခန့်မှန်းထားသည်။ ကမ္ဘာ့စားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများကျဆင်းလာခြင်း၊ နိုင်ငံ၏ သီးနှံထွက်ရှိမှုနှုန်းတိုးတက်လာဖွယ်ရှိခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍတိုးတက်လာခြင်း၊ အစိုးရက ငွေလုံးငွေရင်းအသုံးစရိတ်များပိုမိုသုံးစွဲလာခြင်း စသည့်အချက်များကြောင့်ဖြစ်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ၁၂ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးလျက်ရှိသည့်အတွက် ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှုနှုန်းအမြန်ဆုံးနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု ဗဟိုဘဏ်၏ အစီရင်ခံစာ၌ဖော်ပြထားသည်။

ယင်းသို့ငွေကြေးဖေါင်းပွမှုနှုန်းလျော့ကျလာရခြင်းမှာ အစိုးရ၏ငွေကြေးမူဝါဒပိုင်းမှ ဆောင်ရွက်ချက်များနှင့် ငွေကြေးပမာဏကို ထိထိရောက်ရောက်စီမံခန့်ခွဲလုပ်ကိုင်နိုင်သည့်အတွက် ဖြစ်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ကပ်ရောဂါကျရောက်စဉ်ကာလက မြင့်တက်ခဲ့သော ကြွေးမြီနှင့် လိုငွေပြမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်ခဲ့သည့်အတွက် စီးပွားရေးတည်ငြိမ်မှုရှိရန် အထောက်အကူပြုခဲ့သည်ဟု ဗဟိုဘဏ်က ပြောကြားခဲ့သည်။ လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရ၏ ငွေလုံးငွေရင်းအသုံးစရိတ်ကြောင့် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်းထားသည်။

ဝန်ဆောင်မှုပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ပြီး သွင်းကုန်အတွက် ကုန်ကျစရိတ်များလျှော့ချနိုင်သည့်အတွက် နိုင်ငံ၏ပြည်ပငွေပေးငွေယူရှင်းတမ်း သာမန်စာရင်းတွင် လိုငွေပြမှုလျော့ကျလာဖွယ်ရှိသည်ဟု အိန္ဒိယဗဟိုဘဏ်က ခန့်မှန်းသည်။ သို့သော် ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေမှာမူ ခန့်မှန်းတွက်ချက်ရန် မလွယ်ကူသေးဟုဆိုသည်။ သံနှင့်သံမဏိ၊ ဘိလပ်မြေထုတ်လုပ်မှုကိန်းဂဏန်းများ တည်ငြိမ်မှုရှိနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်တိုးတက်လာဖွယ်ရှိသည်ဟု ၎င်း၏အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

ဇစ်မြစ်။ The Times of India

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)