India (Kolkata)

အိန္ဒိယနိုင်ငံသည် ၂၀၂၈ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း၌ ပဲမျိုးစုံဖူလုံမှုရှိရေး ရည်မှန်းချက်ထား၍ ရှေ့ဆက်တိုးမြှင့်လုပ်ဆောင်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၂၈ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း၌ ပဲမျိုးစုံဖူလုံမှုရှိရေးရည်မှန်းချက်ထား၍ ရှေ့ဆက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က ပြောကြားခဲ့သည်။ တောင်သူများအနေဖြင့် ပဲစင်းငုံကို အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း(Minimum Support Price-MSP) သို့မဟုတ် ဈေးကွက်ပေါက်ဈေးအတိုင်း အစိုးရထံ တိုက်ရိုက်ရောင်းချသွားနိုင်ရန် ကြိုတင်စာရင်းသွင်းမှတ်ပုံတင်ထားနိုင်မည့် အွန်လိုင်းပေါ်တယ်တစ်ခုအား စတင်လွှင့်တင်လိုက်ပြီဖြစ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။  မတ်ပဲ၊ ပဲနီလေးနှင့် ပြောင်းသီးနှံတို့အတွက်လည်း အလားတူစနစ်များကို ထူထောင်ထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

အစိုးရအနေဖြင့် အဆိုပါအစဦးခြေလှမ်းသည် ယခင်က ချမှတ်ထားခဲ့သည့် ၂၀၁၂-၂၀၁၇ ခုနှစ် (၅)နှစ်စီမံကိန်း၏ ကျယ်ပြန့်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှု အပေါ် မှီခိုအားထားနေရသည့်အခြေအနေကို လျှော့ချရန် အိန္ဒိယအစိုးရအဆက်ဆက်က အားထုတ်ကြိုးပမ်းခဲ့ကြသည်။

အိန္ဒိယအစိုးရဉာဏ်ကြီးရှင်များအဖွဲ့(NITI Aayog)နှင့် ကော်မတီအသီးသီးက ပြည်တွင်း၌ ပဲမျိုးစုံဖူလုံရေးအတွက်သာမက နို့နှင့်နို့ထွက်ပစ္စည်းများဖူလုံရေးအတွက်လည်း ကဏ္ဍအလိုက် မဟာဗျူဟာများကို ပြုစုရေးဆွဲပြုစုလျက်ရှိကြသည်။ အိန္ဒိယနိုင်ငံသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုသိသိသာသာတိုးတက်လာခဲ့ပြီး၊ ၂၀၁၆ ခုနှစ်က ပဲမျိုးစုံတန်ချိန် ၁၆ သန်းမှ ၁၈ သန်းသာထုတ်လုပ်နိုင်ခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂၂ သန်းမှ ၂၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်။

ပဲမျိုးစုံဝယ်လိုအားမှာ ၂၀၂၁-၂၂ ခုနှစ်က တန်ချိန် ၂၆ ဒသမ ၇၂ သန်းရှိရာမှ ၂၀၃၂-၃၃ ခုနှစ်တွင် တန်ချိန် ၃၅ ဒသမ ၂၄ သန်းအထိ တိုးမြှင့်လာနိုင်ဖွယ်ရှိသည်။တစ်ဖက်တွင် ပဲမျိုးစုံ ရောင်းလိုအားအခြေအနေမှာ ၂၀၂၁-၂၂ ခုနှစ်က တန်ချိန် ၂၄ ဒသမ ၃၅ သန်းရှိရာမှ ၂၀၃၂-၃၃ ခုနှစ်တွင် တန်ချိန် ၃၃ ဒသမ ၉၅ သန်းအထိ တိုးမြင့်လာဖွယ်ရှိသည့်အတွက် ဝယ်လို အားနှင့် ရောင်းလိုအားကွာဟချက်မှာ ၂၀၂၁-၂၂ ခုနှစ်က တန်ချိန် ၂ ဒသမ ၃၇ သန်းရှိရာမှ ၂၀၃၂-၃၃ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၂၉ သန်းအထိ လျော့ကျသွားဖွယ်ရှိကြောင်း NITI Aayog မှ ခန့်မှန်းထားသည်။

၎င်းမှာ လူဦးရေတိုးတက်လာခြင်း၊ ဝင်ငွေအဆင့်မြင့်မားလာပြီး ပဲမျိုးစုံအပေါ် အသုံးစရိတ်ပိုမိုသုံးစွဲလာသည့်အတွက် ပဲမျိုးစုံဝယ်လိုအားမြင့်တက်လာခြင်း၊ အစိုးရ၏မူဝါဒရေးရာပံ့ပိုးမှုအားကောင်းခြင်းနှင့် အထွက်နှုန်းကောင်းသောပဲမျိုးစေ့များဖော်ထုတ်ရရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ သို့သော် နိုင်ငံအနေဖြင့် မိုးရေရရှိမှုမမှန်ကန်ခြင်းနှင့် နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရခြင်းတို့ကြောင့် ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို အနည်းငယ်သာလျှော့ချနိုင်သေးကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်တွင်း၌ ပဲမျိုးစုံထုတ်လုပ်မှုမှာ တက်ကျပြောင်းလဲလျက်ရှိပြီး ရောင်းလိုအားသည် ဝယ်လိုအားမြင့်တက်လာမှုကို လိုက်မမှီနိုင်သေးသည့်အတွက် လာမည့် ၂၀၂၇ ခုနှစ်အထိ ပြည်တွင်း၌ ပဲမျိုးစုံဖူလုံရေးရည်မှန်းချက်ပြည့်မီနိုင်ဦးမည်မဟုတ်ဟု ကျွမ်းကျင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဝေဖန်ထောက်ပြကြသည်။ ထို့အပြင် အစိုးရအနေဖြင့် လက်ရှိ တောင်သူလယ်သမားအပေါ် ကူညီထောက်ပံ့ပေးသည့်အစီအစဉ်များ၌ အကန့်အသတ်များရှိနေခြင်း၊ ပဲမျိုးစုံသိုလှောင်ဖြန့်ဖြူးရာတွင် စိန်ခေါ်မှုများရှိနေခြင်းနှင့် ဈေးနှုန်းထိန်းချုပ်မှုဆိုင်ရာ မူဝါဒများနှင့် မျိုးစေ့နည်းပညာရပ်များဖွံ့ဖြိုးမှုတွင် ယခုထက် ပိုမိုတိုးတက်ကောင်းမွန်ရန်လိုအပ်နေသေးကြောင်း ၎င်းတို့က အကြံပြုကြသည်။

လက်ရှိအနေအထားအရ ပြည်တွင်း၌ ပဲမျိုးစုံဖူလုံရေးသည် ကုလားပဲနှင့် ပဲတီစိမ်းတို့အတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပြီဟု ဆိုနိုင်သော်လည်း ကျန်အဓိကပဲမျိုးစုံဖြစ်သော မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲနီလေးတို့ကိုမူ ဈေးကွက်လိုအပ်ချက်မြင့်မားနေသည့်အလျှောက် ၂၀၂၅ ခုနှစ်၊ မတ်လအထိ ပြည်ပမှ တင်သွင်းနေရဦးမည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၄ ခုနှစ်တွင် ပြည်ပမှ ပဲမျိုးစုံတန်ချိန် ၃ ဒသမ ၅ သန်းတင်သွင်းခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်က ကြည့်လျှင် စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပဲနီလေးကို ကနေဒါနှင့် ဩစတေးလျနိုင်ငံတို့မှလည်းကောင်း၊ ပဲစင်းငုံကို မာလဝီ၊ ဆူဒန်၊ ကင်ညာ၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံတို့မှလည်းကောင်း၊ မတ်ပဲကို မြန်မာနိုင်ငံမှလည်းကောင်း အဓိကတင်သွင်းနေရကြောင်း သိရသည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအစိုးရ၏ ၂၀၂၈ ခုနှစ်တွင် ပြည်တွင်း၌ ပဲမျိုးစုံဖူလုံရေးရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့်အပေါ် သိရှိပြီး လိုအပ်သကဲ့သို့ စီမံဆောင်ရွက်နိုင်ရန် လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။       The Business Standard သတင်းဌာန၊ “CHECKING PULSES: Why India’s shot at self-sufficiency in pulses could boil down to imports and buffer stock”၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)