India (Delhi)

အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း ဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်

Last Updated:

အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း ပြီးခဲ့သည့်တစ်လအတွင်း ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျော်တက်လာခဲ့ကြောင်းနှင့် ပဲစင်းငုံခွဲခြမ်းထုတ်လုပ်ရန်အတွက် ပဲစင်းငုံကုန်ကြမ်းများ ဈေးကွက်အတွင်းပြတ်တောက်မှုနှင့်ရင်ဆိုင်နေရကြောင်း ပဲမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။

အစိုးရက တင်သွင်းသူများသည် ဈေးကစားရန်သိုလှောင်ထားသည်ဟု သံသယရှိသော်လည်း အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း(IPGA)က ပဲစင်းငုံဈေးနှုန်းများ မကြာသေးမီက မြင့်တက်လာရခြင်း၏အကြောင်းရင်းမှာ ဂူဂျာရတ်ပြည်နယ်တွင် အစိုးရ၏ပဲစဉ်းငုံဝယ်ယူရေးအစီအစဉ်များနှင့် တင်ပို့ရောင်းချသည့်နိုင်ငံများမှ ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားထားသည်။

ပဲမျိုးစုံအဓိကရောင်းချသည့် Latur စျေးကွက်တွင် ပဲစင်းငုံဈေးသည် တစ်ကီလိုဂရမ်လျှင် ၁၀၂ ရူပီးနှင့် ၁၀၄ ရူပီးကြားသာရှိရာမှ တစ်လအတွင်း ၁၁၅ ရူးပီးနှင့် ၁၁၇ ရူပီးကြားသို့  ၁၂ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါကြောင်း၊ လက်လီစားသုံးသူများသည် ပဲစင်းငုံတစ်ကီလိုဂရမ်အတွက် ရူပီး ၁၆၀-၂၀၀ပေးဆောင်ကြရကြောင်း၊ ပဲစဉ်းငုံကုန်ကြမ်းပြတ်လပ်မှုနှင့် ပြည်ပမှတင်သွင်းသော ပဲစင်းငုံဈေးနှုန်းများကြီးမြင့်မှုကြောင့် မကြာသေးမီက ဈေးနှုန်းများမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပဲခွဲစက်လုပ်ငန်းရှင်များက ပြောကြားထားသည်။

အထူးသဖြင့် Maharashtra နှင့် Karnataka ပြည်နယ်တို့တွင် ယခုနှစ်တွင် ပြည်တွင်းပဲစင်းငုံထုတ်လုပ်မှုလျော့နည်းခဲ့ကြောင်း၊ အိန္ဒိယသည် ပဲစင်းငုံကို လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း ယခုနှစ်တွင် ပဲစင်းငုံတင်သွင်းသည့်ဈေးနှုန်းများမှာ တင်သွင်းရာသီအစမှစ၍ မြင့်မားနေခဲ့ကြောင်းနှင့် ဈေးကွက်အတွင်း ပဲစင်းငုံပြတ်လပ်မှုနှင့်ရင်ဆိုင်နေရကြောင်း ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားထားသည်။ ပဲလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူများက ပဲစဉ်းငုံဈေးနှုန်းမှာ ဧပြီလကုန်အထိ မြင့်တက်နိုင်ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ဈေးနှုန်းများပြန်ကျနိုင်ခြေရှိကြောင်း ခန့်မှန်းလျက်ရှိကြသည်။

Source: Tur dal prices rise more than 10% despite open import policy, The Economic Times, 11 April 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)