Japan

၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဂျပန်အစိုးရ၏ဘဏ္ဍာငွေအသုံးစရိတ်ကို ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၇၈၇ ဘီလီယံသို့ စံချိန်တင်လျှော့ချသွားမည်

Last Updated:

ကာကွယ်ရေး၊ လူမှုဖူလုံရေး၊ ကြွေးမြီပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက် အသုံးစရိတ်များအများအပြားရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအရေးပေါ်သုံးစွဲရမှုများ လျော့နည်းလာခြင်းကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေကို ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယန်း ၁၁၂.၀၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၇၈၇ ဘီလီယံ)သာ လျာထားတောင်းခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် လက်ရှိ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေအသုံးစရိတ်မှာ ယန်း ၁၁၄.၃၈ ထရီလီယံဖြစ်ပြီး ၂၀၂၄ ဘဏ္ဍာနှစ်အတွက်  ဘဏ္ဍာငွေအသုံးစရိတ်တောင်းခံမှုမှာ ၂၀၂၃ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းခဲ့သော်လည်း နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေပြန်လည်ကောင်းမွန်လာစေရေးနှင့် ကြွေးမြီပြန်လည်ပေးဆပ်ရန် အရေးပေါ်လိုအပ်မှုများကြောင့် ဘဏ္ဍာငွေတောင်းခံမှုပမာဏမှာ ဒုတိယအများဆုံးအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

အတိုးနှုန်းမြင့်မားလာမှုကြောင့် အစိုးရအနေဖြင့် အတိုးနှင့်အရင်းပြန်လည်ပေးဆပ်ရမှုပမာဏမှာ ၂၇.၀၁ ထရီလီယံယန်းအထိ စံချိန်တင်များပြားခဲ့ကြောင်း၊ ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက်  ဘဏ္ဍာရေးအခြေအနေပြန်လည်ကောင်းမွန်လာစေရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ လူနေမှုကုန်ကျစရိတ်များမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့်ဝန်ထုပ်ဝန်ပိုးများလျှော့ချနိုင်ရေးနှင့် လစာနှုန်းထားများတိုးမြှင့်ပေးနိုင်ရေးအတွက် ကုမ္ပဏီများအား တိုက်တွန်းနိုင်ရေးကို အစိုးရအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

လစာနှုန်းထားများတိုးမြှင့်မှုနှုန်းမှာ ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်နိုင်ရေးအတွက် ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်သွားမည့်အစီအစဉ်များကိုလည်း ဘဏ္ဍာငွေလျာထားသုံးစွဲသွားမည့်အစီအစဉ်တွင် ထည့်သွင်းထားကြောင်း ဖော်ပြထားပါသည်။ အစိုးရ၏ဘဏ္ဍာငွေလျာထားတောင်းခံမှုအား ၂၀၂၄ ဘဏ္ဍာနှစ် အစောပိုင်းတွင် လွှတ်တော်မှ အတည်ပြုနိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

အစိုးရ၏ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ယန်း ၇.၉၅ ထရီလီယံသုံးစွဲရန်လျာထားပြီး၊ ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသုံးစရိတ်များကို ၂၀၂၇ ဘဏ္ဍာနှစ်တွင် ယန်း ၃ ထရီလီယံအထိ ရောက်ရှိစေရေးအတွက် တဖြည်းဖြည်းတိုးမြှင့်သွားမည့်အစီအစဉ်၏ ဒုတိယနှစ်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကာကွယ်ရေးအသုံးစရိတ်များတိုးမြှင့်ရခြင်း၏အကြောင်းအရင်းမှာ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားကဲ့သို့သောနိုင်ငံများ၏ လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်မှုများကို တုံ့ပြန်နိုင်ရန်နှင့် အမေရိကန်နိုင်ငံနှင့် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရက သုံးစွဲသွားမည့် စုစုပေါင်းဘဏ္ဍာငွေအသုံးစရိတ်၏ သုံးပုံတစ်ပုံနီးပါးဖြစ်သည့် ၃၇.၇၂ ထရီလီယံယန်းကို လူမှုဖူလုံရေးဆိုင်ရာလုပ်ငန်းများအတွက် ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကလေးမွေးဖွားမှုနှုန်းမြှင့်တင်နိုင်ရေးအတွက် ပညာသင်ကြားရမှုကုန်ကျစရိတ်များပံ့ပိုးပေးနိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာပံ့ပိုးမှုများ ပြုလုပ်ရန်နှင့် ကလေးရှိသည့်အိမ်ထောင်စုများကို ပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း ဘဏ္ဍာငွေများသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် ကလေးမွေးဖွားမှုအရေအတွက်မှာ ၈၀၀,၀၀၀ အောက်သို့ ပထမဆုံးအကြိမ်ကျဆင်းခဲ့ကြောင်း၊ လာမည့်နှစ်များတွင် ဂျပန်နိုင်ငံ၏လူဦးရေမှာ ပိုမိုလျော့ကျနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ကလေးသူငယ်နှင့်ဆက်စပ်သည့် အသုံးစရိတ်များကို ၂၀၂၈ ဘဏ္ဍာနှစ်တွင် ၃.၆ ထရီလီယံယန်းအထိ ရောက်ရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားရန် အစီအစဉ်များချမှတ်ထားကြောင်း၊ နေ့စဉ်သုံးကုန်စည်များ၏ ကုန်စည်ဈေးနှုန်းများမြင့်တက်လာမှုနှင့်အတူ အဆိုပါကုန်စညများအပေါ် ကောက်ခံခဲ့သည့်စားသုံးခွန်မှာလည်း စံချိန်တင်များပြားခဲ့ပြီး ၆၉.၆၁ ထရီလီယံယန်းရရှိရန် မျှော်မှန်းထားပါကြောင်း ဖော်ပြထားပါသည်။ ထို့နောက် လိုအပ်သည့်ဘဏ္ဍာငွေ ၃၄.၉၅ ထရီလီယံယန်းကို အစိုးရငွေချေးစာချုပ်များထုတ်ရောင်းခြင်းနှင့် အခြားသောနည်းလမ်းများအသုံးပြု၍ ဖြည့်စွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဘဏ္ဍာငွေများကို တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တုနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးအတွက်လည်း သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လာမည့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁.၃ ရာခိုင်နှုန်းရှိနိုင်ကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း အစိုးရအဖွဲ့ရုံး၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် တစ်ဦးလျှင် ယန်း ၄၀,၀၀၀ အခွန့်လျှော့ချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အရေးပေါ်လုပ်ငန်းစဉ်များအတွက် အရန်ဘဏ္ဍာငွေ(Reserve Fund)အဖြစ် သုံးနှစ်ဆက်တိုက် တစ်နှစ်လျှင် ၅ ထရီလီယံယန်းထည့်သွင်း၍ ဘဏ္ဍာငွေတောင်းခံခဲ့ရာမှ ယခုအခါ ကပ်ရောဂါဆိုင်ရာသက်ရောက်မှုများ လျော့နည်းလာပြီဖြစ်သည့်အတွက် အရန်ဘဏ္ဍာငွေကို ၁ ထရီလီယံယန်းသာထည့်သွင်း၍ တောင်းခံခဲ့ခြင်းကြောင့် အသုံးစရိတ်များလျော့ကျခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

Source: The Nikkei Asia (၂၂-၁၂-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan