Japan

ဂျပန်နိုင်ငံ၏ တစ်ဦးကျ Nominal GDP မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (OECD)၏ အဖွဲ့ဝင်နိုင်ငံများတွင် အဆင့် ၂၁ နေရာသို့ စံချိန်တင်ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ တစ်ဦးကျ Nominal GDP မှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄,၀၆၄ ရှိခဲ့ပြီး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(OECD)အဖွဲ့ဝင် ၃၈ နိုင်ငံအနက် ၂၁ နေရာသို့ ရောက်ရှိခဲ့ပြီး စံချိန်တင်အနည်းဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏တစ်ဦးကျ Nominal GDP မှာ ၂၀၀၈ ခုနှစ်မှစတင်၍ အနည်းဆုံးဖြစ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုး အလွန်အမင်းကျဆင်းခဲ့ရခြင်းကြောင့်ဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏စီးပွားရေးအရ ရပ်တည်နိုင်မှုကိုလည်း ကျဆင်းစေခဲ့ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(OECD)၏ အဖွဲ့ဝင်နိုင်ငံများအနက် တစ်ဦးကျ Nominal GDP အများဆုံးနိုင်ငံများမှာ လူဇင်ဘတ်(အမေရိကန်ဒေါ်လာ ၁၂၄,၅၉၂)၊ နော်ဝေ (အမေရိကန်ဒေါ်လာ ၁၀၆,၁၈၀)၊ အိုင်ယာလန်(အမေရိကန်ဒေါ်လာ ၁၀၄,၂၃၇)တို့ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ OECD အဖွဲ့ဝင်နိုင်ငံများအနက် အမေရိကန်နိုင်ငံ၏တစ်ဦးကျ Nominal GDP အမေရိကန်ဒေါ်လာ ၇၆,၂၉၁ ဖြင့် အဆင့် ၅ နေရာတွင်ရှိခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ၏တစ်ဦးကျ Nominal GDP အမေရိကန်ဒေါ်လာ ၃၂,၄၂၃ ဖြင့် အဆင့် ၂၂ နေရာတွင်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် ဈေးကွက်ပေါက်ဈေးဖြင့် တွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)မှာ အမေရိကန်ဒေါ်လာ ၄.၂၆ ထရီလီယံဖြင့် အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံ၏ Nominal GDP မှာ ကမ္ဘာ့စီးပွားရေး၏ လေးပုံတစ်ပုံနှင့်ညီမျှသောပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၅.၄၄ ထရီလီယံနှင့် တရုတ်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၁၇.၉၆ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ GDP မှာ ယခင်နှစ်တွင် ကမ္ဘာ့ GDP ၏ ၅.၁ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့သော်လည်း ယခုနှစ်တွင် ၄.၂ ရာခိုင်နှုန်းသို့ စံချိန်တင်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီနိုင်ငံ၏ Nominal GDP မှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၀၈ ထရီလီယံရှိခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏နေရာကို အစားထိုးရယူသွားနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါသည်။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာနှင့် ယန်းငွေ၏ ပျမ်းမျှငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀၉.၈ ယန်းနှုန်းရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ၁၃၁.၄ ယန်းနှုန်းသို့ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

အမေရိကန်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၂၆.၉၅ ထရီလီယံ၊ တရုတ်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၁၇.၇၀ ထရီလီယံ၊ ဂျာမနီနိုင်ငံ၏ Nominal GDP မှာ ၄.၄၃ ထရီလီယံနှင့် ဂျပန်နိုင်ငံ၏ Nominal GDP မှာ အမေရိကန်ဒေါ်လာ ၄.၂၃ ထရီလီယံရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံကိုကျော်လွန်ကာ ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အတွင်း တင်းကြပ်သည့်ငွေကြေးမူဝါဒများချမှတ်ဆောင်ရွက်မှုကြောင့် ဂျပန်နိုင်ငံ၏ဘဏ္ဍာရေးနှင့် ငွေလဲလှယ်နှုန်းဈေးကွက်အပေါ် သက်ရောက်မှုများနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုများ၏သက်ရောက်မှုများသည် ဂျပန်နိုင်ငံအား ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံအဖြစ်မှ အဆင့်လျော့ကျစေခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source : The Nikkei Asia (၂၅-၁၁-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan