India (Delhi)

သကြားဈေးနှုန်း ပိုမိုဈေးကြီးလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အစားအစာနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းအတွက် ခြိမ်းခြောက်မှုအသစ် တစ်ခုဖြစ်လာ

Last Updated:

ချောကလက်၊ အချိုရည်၊ ပေါင်မုန့် စသည့်စားသောက်ကုန်မျိုးစုံတွင် အသုံးပြုသည့် သကြားဈေးနှုန်းပိုမိုမြင့်မားလာခြင်းသည် လုပ်ငန်းကဏ္ဍများအတွက် ကုန်ကျစရိတ်မြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာ အစားအစာနှင့်ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို ဆက်လက်ဖိအားပေးလျက်ရှိကြောင်း အိန္ဒိယနိုင်ငံ Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

ကုန်ကြမ်းပစ္စည်းမျိုးစုံ၏ ဈေးနှုန်းသည် ၆ နှစ်ကျော်ကာလအတွင်း အမြင့်မားဆုံးနီးပါးဖြစ်လာသကဲ့သို့ သန့်စင်ပြီးသကြား၏ဈေးနှုန်းသည်လည်း ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ တစ်ရှိန်ထိုးတက်လာကြောင်း၊  သကြားတင်ပို့မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ဇီဝလောင်စာဆီထုတ်လုပ်မှုတွင် ကြံကို ပြောင်းလဲအသုံးပြုလာခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ကြံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုများရှိလာပြီးနောက် သကြားတင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးစနစ်မှာ ကျပ်တည်းလျက်ရှိကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁၁ သန်းခန့်ရှိခဲ့သော်လည်း ယခုနှစ်နှစ်ကုန် စက်တင်ဘာလတွင် တန်ချိန် ၆ သန်းခန့်သာတင်ပို့ခဲ့သဖြင့် တင်ပို့မှုတွင် တဝက်ခန့်လျော့နည်းခဲ့ပါကြောင်းနှင့် နောက်နှစ်ရာသီချိန်တွင် တန်ချိန် ၄ သန်းခန့်ထိ လျော့နည်းသွားနိုင်သည်ဟု Boloomberg က ကုန်သည်များအပေါ် ကောက်ယူထားသောစစ်တမ်းနှင့် လေ့လာဆန်းစစ်သူများက ခန့်မှန်းထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံမှ သကြားတင်ပို့မှုသည် နောင်နှစ်တွင် မျှော်မှန်းထားသည်ထက်လျော့နည်းသွားပါက အခြားသောနိုင်ငံများ၏ သကြားဈေးနှုန်းသည် မြင့်တက်သွားနိုင်ကြောင်း Tropical Research Services ၏ သကြားနှင့်အီသနောလေ့လာသူ Henrique Akamine က ပြောကြားသည်။ အိန္ဒိယအနေဖြင့် ကုန်သွယ်မှုမျှခြေရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် သကြားတန်ချိန် ၆ သန်းရောင်းချရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ၎င်းတို့ခန့်မှန်းထားသကဲ့သို့ သကြားတင်ပို့မှု ထက်ဝက်ခန့်လျော့နည်းသွားပါက ကုန်သွယ်မှုအလို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း Akamine က ပြောကြား ထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

သကြားဈေးနှုန်းကြီးမြင့်မှုကြောင့် စားသုံးသူများအနေဖြင့် အအေး၊ အချိုရည်၊ ပေါင်မုန့် စသည့်ကုန်စည်များပေါ်တွင် ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရသဖြင့် ဗြိတိန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုအပေါ် ပိုမိုသက်ရောက်လျက်ရှိသည်ကို ကြုံတွေ့နေရပါကြောင်း၊ သကြားတင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံသည် သကြားကို ပိုမိုထုတ်လုပ်ရန်မျှော်လင့်ထားသော်လည်း မိုးရွာသွန်းမှုများသည် ကြံရိတ်သိမ်းမှုများကို နှောင့်နှေးစေနိုင်ကြောင်း၊ ထို့အတူ ဘရာဇီးနိုင်ငံတွင် ပဲပိစပ်မှာ စံချိန်တင်ထွက်ရှိသဖြင့် အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ ကုန်စည်တင်ပို့မည့် ဆိပ်ကမ်းများ၏ စွမ်းဆောင်နိုင်မှုမှာလည်း ကန့်သတ်ချက်များရှိနိုင်ပါကြောင်း၊ အခြားသကြားတင်ပို့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှာလည်း သကြားတင်ပို့မှုလျော့နည်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ဈေးကွက်တွင် သကြားသုံးစွဲမှု တစ်ဖြည်းဖြည်းမြင့်တက်လာခြင်းနှင့် အိန္ဒိယနိုင်ငံမှ သကြားတင်ပို့မှုလျော့နည်းလာခြင်းတို့သည် ကမ္ဘာ့ဈေးကွက်အတွက် ပိုမိုအရေးကြီးလာပါကြောင်း၊ အိန္ဒိယနိုင်ငံသည် သကြားတင်ပို့မှုထပ်မံခွင့်ပြုခြင်းမရှိသဖြင့် သကြားဈေးနှုန်းသည် ၆ နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်လာပါကြောင်း၊အစိုးရအနေဖြင့် သကြားတင်ပို့မှုကို ပိုမိုခွင့်ပြုပေးပါက သကြားဈေးနှုန်းမှာ ပြန်လည်ကျဆင်းလာနိုင်ကြောင်းလည်း သုံးသပ်ထားပါသည်။

သကြားတင်ပို့မှုကျဆင်းသည့် အဓိကအကြောင်းရင်းမှာ သကြားထုတ်လုပ်နိုင်မှုကျဆင်းခြင်းနှင့်  ဇီဝလောင်စာထုတ်လုပ်မှုတွင် သကြားကို ပိုမိုအသုံးပြုလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံ့သကြားထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ထုတ်လုပ်နိုင်သည့် Maharashtra ပြည်နယ်၏ ကြံထွက်ရှိမှုလျော့နည်းစေခဲ့ကြောင်း၊ ပြီးခဲ့သည့် ရာသီနှစ်ခုတွင် ကြံထွက်ရှိမှုမှာ တန်ချိန် ၃၅.၉ သန်း နှင့် ၃၅.၂ သန်းအသီးသီးရှိခဲ့သော်လည်း ယခုနှစ်ရာသီတွင် ကြံထွက်ရှိမှုမှာ တန်ချိန် ၃၃.၂ သန်းအထိ ကျဆင်းသွားနိုင်သည်ဟု အိန္ဒိယအစားအစာဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း၊ အိန္ဒိယနိုင်ငံ၏ သကြားထွက်ရှိသည့်ကာလမှာ အောက်တိုဘာလမှ စတင်မည်ဖြစ်သဖြင့် သကြားထွက်ရှိမှုအား ခန့်မှန်းရန်မှာ စောနေသေးသော်လည်း အယ်နီညိုကြောင့် ရာသီဥတုပူပြင်းမည်ဆိုပါက သကြားအထွက်နှုန်းမှာ လျော့နည်းနိုင်သည်ဟု ကုန်သည်များနှင့် လေ့လာသူများက ပြောကြားထားကြောင်း၊ ထုတ်လုပ်မှုတန်ချိန် ၃၂ သန်းရှိပါက တင်ပို့မှုကို တန်ချိန် ၄ သန်း မှ ၄.၅ သန်း ထိ ပိုမိုတင်ပို့နိုင်မည်ဟုလည်း Meir Commodities India ၏ အထွေထွေမန်နေဂျာဖြစ်သူ Rahil Shaikh က ပြောကြားထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း ဇီဝလောင်စာထုတ်လုပ်မှုကို စိတ်အားထက်သန်စွာ တွန်းအားပေးလျက်ရှိသဖြင့် အီသနော ထုတ်လုပ်မှုတွင် ကြံကို ပြောင်းလဲအသုံးပြုလာနိုင်ကြောင်း၊ အစိုးရကလည်း လေထုညစ်ညမ်းမှုကို လျှော့ချရန်၊ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်၊ ပြည်တွင်းထုတ်လုပ်မှုပိုလျှံပစ္စည်းများကို အသုံးပြုခြင်းဖြင့် တောင်သူများ၏ဝင်ငွေ တိုးတက်အောင်ဆောင်ရွက်ပေးနိုင်မည်ဟု ပြောဆိုလျက်ရှိကြောင်း၊ ယခုနှစ်ရာသီတွင် အစိုးရအနေဖြင့် သကြားတန်ချိန် ၅ သန်းကို အီသနောထုတ်လုပ်ရာတွင် အသုံးပြုရန်စီစဉ်လျက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၃.၆ သန်းသာ အသုံးပြုခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်မှစတင်၍ နှစ်စဉ်တန်ချိန် ၆ သန်းအား စက်သုံးဆီထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: Sugar getting even pricier now poses new threat to global food inflation,  Business Standard, 30 March 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)